ဒေသတစ်ခုရဲ့ နိုင်ငံရေးပါတီ၊ အမျိုးသားရေးအတိုက်ခံအဖွဲ့အစည်းတွေ၊ ဘုန်းတော်ကြီးတွေရဲ့ ပြောဆိုရေးသားချက်တွေကို ဥပဒေကြောင်းအရ နိုင်ငံနဲ့ ချိတ်ဆက်လို့ မရနိုင်ဘူးလို့ မြန်မာရှေ့နေက ဂမ်ဘီယာစွပ်စွဲချက်ကို ပြန်လည်ခုခံ

(နိုင်ငံတကာ) ဇန်နဝါရီ ၂၂

လက်ရှိ ICJ တရားရုံးမှာ တရားရင်ဆိုင်နေရတဲ့ အမှုမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် မြန်မာဘက်က ပြောဆိုချက်တွေဟာ အမုန်းစကားဖြန့်ချိပြီး လူမျိုးသုဉ်းစေလိုတဲ့ ရည်ရွယ်ချက်ရှိတယ်လို့ ပြသတဲ့ သင်္ကေတဖြစ်တယ်လို့ တပ်မတော်နဲ့ မြန်မာဘက်က တင်တဲ့ အွန်လိုင်းပို့စ် ၇ ခုကို ဖော်ညွှန်းပြီး ဂမ်ဘီယာနိုင်ငံဘက်က စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဂမ်ဘီယာနိုင်ငံရဲ့ အမုန်းစကားဖော်ညွန်းစွပ်စွဲချက်တွေမှာ လူမျိုးသုဉ်းစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဆက်စပ်မှုမရှိသလို ဒေသတစ်ခုရဲ့ နိုင်ငံရေးပါတီ၊ အမျိုးသားရေးအတိုက်ခံအဖွဲ့အစည်းတွေ၊ ဘုန်းတော်ကြီးတွေရဲ့ ပြောဆိုရေးသားချက်တွေကို ဥပဒေကြောင်းအရ နိုင်ငံနဲ့ ချိတ်ဆက်လို့ မရနိုင်ဘူးလို့ မြန်မာနိုင်ငံရဲ့ ရှေ့နေတစ်ဦးဖြစ်သူ ဖရော်ဖက်ဆာ စတီဖင်တဲလ်မွန်က ပြန်လည်တုန့်ပြန် ချေပခဲ့ပါတယ်။

အဆိုပါအချက်အလက်တွေကို လေ့လာကြည့်တဲ့အခါ ပထမအချက်အနေနဲ့ စွပ်စွဲချက်တွေဟာ ရည်ရွယ်ချက်ရှိရှိ စနစ်တကျဆောင်ရွက်ခြင်း(pattern of conduct) ရှိတယ်လို့ ဆိုလို့မရကြောင်း၊ အခုလို စွပ်စွဲနိုင်ဖို့ အမုန်းစကားဖြန့်ချိမှုကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဒုတိယအချက်အနေနဲ့ ပြစ်မှုကျူးလွန်မှုနဲ့ ရည်ရွယ်ချက်မှာ ချိတ်ဆက်နေရမှာဖြစ်ကြောင်း၊ တတိယအချက်အနေနဲ့ တစ်ဦးတစ်ယောက်က ဆောင်ရွက်ခြင်း ဒါမဟုတ် အစုအဖွဲ့နဲ့ ရည်ရွယ်ချက်ရှိရှိ ပျက်စီးစေလိုတဲ့ စိတ်ဆန္ဒရှိဖို့ လိုအပ်ကြောင်း တုန့်ပြန်ချေပခဲ့တာ ဖြစ်ပါတယ်။

အမုန်းစကားလို့ ဆိုသည့်တိုင် ဂမ်ဘီယာအနေနဲ့ အဆိုပါအမုန်းစကားဟာ လူမျိုးသုဉ်းစေမယ့် ရည်ရွယ်ချက်ကို ထင်ဟပ်စေဖို့ ပြသနိုင်ဖို့ လိုအပ်မှာဖြစ်ကြောင်း၊ အမုန်းစကားကို သမားရိုးကျပြုလုပ်လေ့ရှိတဲ့ အမုန်းစကားနဲ့ လူမျိုးရေးခွဲခြားဖို့ ဒါမှမဟုတ် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပေါ်စေဖို့နဲ့ လူမျိုးသုဉ်းစေဖို့ ရည်ရွယ်ချက်နဲ့ လှုံ့ဆော်မှုရှိဖို့ လိုအပ်ကြောင်း၊ လူမျိုးသုဉ်းစေဖို့ လှုံ့ဆော်တယ်ဆိုပါက ရည်ရွယ်ချက်ရှိတာကို ပြသနိုင်ရမှာဖြစ်ကြောင်း၊ အမုန်းစကားလို့ဆိုတိုင်း လူမျိုးသုဉ်းစေဖို့ ရည်ရွယ်ချက်ရှိတယ်လို့ မဆိုနိုင်ဘူးလို့ ချေပခဲ့ပါတယ်။

ဒါ့အပြင် ဂမ်ဘီယာရဲ့ စွပ်စွဲချက်များတွေမှာ မှားယွင်းမှုတွေရှိနေကြောင်း၊ ဂမ်ဘီယာက ကိုးကားထားတဲ့ အမုန်းစကားလို့ ဆိုတာတွေရဲ့ အနက်အဓိပ္ပာယ်တွေမှာ မှန်ကန်မှုမရှိကြောင်း၊ လိုရာဆွဲပြောမှုတွေသာ ဖြစ်ကြောင်း ဥပမာ – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောကြားချက်တွေကို လိုရာပုံသွင်းပြီ’ အနက်အဓိပ္ပာယ်ဖော်ထားတာကို တွေ့ရှိရကြောင်း၊ ဗိုလ်ချုပ်မှူးကြီးက အပြုသဘောနဲ့ ပြောကြားချက်တွေကို ဘင်္ဂါလီတွေကို လူမျိုးသုဉ်းစေဖို့ ရည်ရွယ်ပြီး လှုံ့ဆော်တဲ့အသွင် ဖန်တီးထားတာကို တွေ့ရတယ်လို့ မြန်မာရှေ့နေက ဆိုပါတယ်။

ပြောဆိုရေးသားချက်တွေဟာ မြန်မာနိုင်ငံပတ်သက်မှုရှိဖို့ လိုအပ်ကြောင်း၊ ဂမ်ဘီယာအနေနဲ့ အမုန်းစကားအချို့ဟာ လူမျိုးသုဉ်းစေလိုတဲ့ ရည်ရွယ်ချက်ရှိကြောင်း ပြသနိုင်သည့်တိုင် မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်းရှိ/မရှိ ကိုသက်သေပြနိုင်ရမှာဖြစ်ကြောင်း၊ ယေဘုယျအားဖြင့် နိုင်ငံတစ်နိုင်ငံရဲ့ တပ်မတော်က ဆောင်ရွက်ချက်တွေဟာ နိုင်ငံနဲ့ဆိုင်တယ်လို့ ဆိုနိုင်ပေမယ့်လည်း အခုကိစ္စရပ်မှာ အမုန်းစကားကို တပ်မတော်နဲ့ချိတ်ဆက်လို့ မရနိုင်ကြောင်း၊ မြန်မာဘက်ကလည်း မဟုတ်ကြောင်းကို ငြင်းဆိုထားပြီးဖြစ်တယ်လို့ အသိပေး ချေပခဲ့ပါတယ်။

မည်သို့ပင်ဖြစ်စေ ပတ်သက်ဆက်နွယ်မှု ရှိ/မရှိကို အပြည်ပြည်ဆိုင်ရာဥပဒေနဲ့အညီ တိုက်ဆိုင်စစ်ဆေးရမှာ ဖြစ်ကြောင်း၊ အလားတူ ဒေသတစ်ခုရဲ့ နိုင်ငံရေးပါတီ၊ အမျိုးသားရေးအတိုက်ခံအဖွဲ့အစည်းတွေ၊ ဘုန်းတော်ကြီးတွေရဲ့ ပြောဆိုရေးသားချက်တွေကို ဥပဒေကြောင်းအရ နိုင်ငံနဲ့ ချိတ်ဆက်လို့ မရနိုင်ကြောင်း၊ ပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ ပြောဆိုရေးသားချက်တွေဟာ နိုင်ငံနှင့်ချိတ်ဆက်နေသည့်တိုင် နိုင်ငံကလူမျိုးသုဉ်းစေလိုတဲ့ ဆန္ဒမရှိခဲ့ရင် နိုင်ငံတော်အပေါ်မှာ တာဝန်ရှိတယ်လို့ ဆို၍မရဘူးလို့လည်း မစ္စတာ စတီဖင်တဲလ်မွန်က ခုခံပြောဆိုထားပါတယ်။

ဂမ်ဘီယာက စွပ်စွဲထားသလို အမုန်းစကားနဲ့ မြန်မာက လူမျိုးသုဉ်းစေဖို့ ရည်ရွယ်ချက်ရှိတယ်၊ ဆက်စပ်တယ်လို့ မဆိုနိုင်ကြောင်း၊ စနစ်တကျရည်ရွယ်ချက်နဲ့ ဆောင်ရွက်တယ်လို့ ကောက်ချက်ချနိုင်မှသာ လူမျိုးသုဉ်းစေလိုတဲ့ ရည်ရွယ်ချက်ရှိတယ်လို့ ဆိုနိုင်ကြောင်း၊ အမုန်းစကား၊ အမုန်းစကားကို ခွင့်ပြုထားတဲ့ နိုင်ငံအနေနဲ့ လူမျိုးသုဉ်းစေရန် ရည်ရွယ်ချက်ရှိသည်လို့ ဆိုလို့မရကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ဂမ်ဘီယာဘက်က စွပ်စွဲသထားသလို “ရိုဟင်ဂျာတွေကို ဆန့်ကျင်တဲ့ အမုန်းစကား” ဟာ လူမျိုးသုဉ်းစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ချိတ်ဆက်လိုပါက အဆိုပါအမုန်းစကားတွေကို ပြောဆိုဖော်ပြသူတွေဟာ လူမျိုးသုဉ်းစေလိုတဲ့ ရည်ရွယ်ချက်ရှိကြောင်းကို သက်သေပြနိုင်ရမှာဖြစ်ပေမယ့် ဂမ်ဘီယာအနေနဲ့ အဲဒီလို ပြသနိုင်တာ မရှိဘူးလို့လည်း ထောက်ပြခဲ့ပါတယ်။

အမုန်းစကား ပြောဆိုဖော်ပြသူတွေဟာ လူမျိုးသုဉ်းစေလိုတဲ့ ရည်ရွယ်ချက်ရှိပြီး မြန်မာနိုင်ငံနဲ့ သက်ဆိုင်မှုရှိနေတဲ့ထိတိုင် လူနည်းစုက လူမျိုးသုဉ်းစေလိုတဲ့ ရည်ရွယ်ချက်ရှိတဲ့ အတွက်ကြောင့် နိုင်ငံတော်က လူမျိုးသုဉ်းစေလိုတဲ့ ရည်ရွယ်ချက်ရှိတယ်လို့ မဆိုနိုင်ဘူးလို့ မြန်မာရှေ့နေက အချုပ်အနေနဲ့ လျှောက်လဲချက် ပေးခဲ့တယ်လို့ သိရပါတယ်။