



(ပြည်တွင်း) ဇန်နဝါရီ ၂၀
“စည်သူ”ဘွဲ့ တံဆိပ်တော် ချီးမြှင့်ခံထားရတဲ့ ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက်ဦးစီးပဓာနနာယက သက်တော်ရှည်မဟာထေရ်မြတ်ကြီးကို နိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘွဲ့ တံဆိပ်တော်တွေနဲ့ အဆောင်အယောင်တွေကို လက်ရောက်ဆက်ကပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်အတွက်ထူးကဲစွာအမှုထမ်းသူ၊ အကျိုးဆောင်သူတွေနဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်တွေကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့တဲ့ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တွေကို ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေ ဆက်ကပ် ချီးမြှင့်အပ်နှင်းခဲ့ရတာဖြစ်ပါတယ်။
အဲဒီလို ဆက်ကပ်ချီးမြှင့်အပ်နှင်းရာမှာ “စည်သူဘွဲ့”တံဆိပ်တော်ရ ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက် ဦးစီးပဓာနနာယက၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဓဇ ဘဒ္ဒန္တခေမာစာရ သက်တော်ရှည်မဟာထေရ်မြတ်ကြီးလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။
အဆိုပါ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းတဲ့ မင်္ဂလာအခမ်းအနားကို ဇန်နဝါရီလ ၁၉ ရက်နေ့ မနက်ပိုင်းက ကျိုင်းယင်းကျောင်းတိုက်၊ ဓမ္မာရုံတော်ကြီးမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တက်ရောက်ကာ ဘွဲ့တံဆိပ်ကို ကိုယ်တိုင်လက်ရောက်ဆက်ကပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။
အခမ်းအနားကို ဆရာတော်ကြီးတွေအမှူးပြုကာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနဲ့အတူ ကော်မရှင် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ခရီးစဉ်မှာ လိုက်ပါလာတဲ့အဖွဲ့ဝင်တွေ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနဲ့ တာဝန်ရှိသူတွေ၊ ဒေသခံပြည်သူတွေ တက်ရောက်ကြည်ညိုကြတယ်လို့ သိရပါတယ်။