နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် ဌာနဆိုင်ရာ/ရုံးစာရွက်စာတမ်းများအား အခကြေးငွေရယူကာ လိမ်လည်အတုပြုလုပ်နေသူများအား ဖော်ထုတ်ဖမ်းဆီး

(မှုခင်း) ဇန်နဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် ဌာနဆိုင်ရာ/ ရုံးစာရွက်စာတမ်းများအား အခကြေးငွေရယူကာ လိမ်လည်အတုပြုလုပ်နေသူများအား ဇန်နဝါရီလ ၁၄ ရက်နေ့က ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် ဌာနဆိုင်ရာ/ရုံးစာရွက်စာတမ်းများအား အခကြေးငွေရယူကာ လိမ်လည်အတုပြုလုပ်ခြင်းများရှိကြောင်း သတင်းအရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များက သတင်းစုံစမ်းဖော်ထုတ်ဖမ်းဆီးခြင်းများဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၆ နာရီခွဲအချိန်ခန့်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဗထူး(၁၁)လမ်းနေ ဂျင်မီအောင်(ခ)ကုလားကြီး(ခ)ဟာရွန်၊ အသက် ၄၀ နှစ်၏ နေအိမ်အတွင်းမှ ၎င်းနှင့်အတူ ကျော်ထက်အောင်၊ အသက် ၂၄ နှစ်တို့နှစ်ဦးအား ပြုလုပ်ထားပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားအတု ၄၅ ခု၊ ပြုလုပ်ဆဲ နိုင်ငံသားစိစစ်ရေး ကတ်ပြားအတု ၁၁၀ ခု၊ သာသနာစိစစ်ရေးကတ်ပြားအတု ၃ ခု၊ ရဲစခန်းပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာအတု ၁၂၀ ခု၊ ရပ်ကွက်ထောက်ခံစာအတု ၄ ရွက်၊ ကျောင်းထောက် ခံစာအတု ၃ ခု၊ အိမ်ထောင်စုလူဦးရေစာရင်းအတု ၅၃ ခု၊ အလုပ်သမား မှတ်ပုံတင်ကတ်ပြားအတု ၁၁၀ ခု၊ ဌာနဆိုင်ရာ/ရုံးတံဆိပ်အတု ၁၈ ခု၊ လက်ကိုင်ဖုန်း ၁ လုံး၊ ဆက်စပ်ပစ္စည်းများနှင့် အတူဖမ်းဆီးရမိကြောင်း သိရသည်။

ထို့အတူ ည ၈ နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်၊ (တ/၁၅)ရပ်ကွက်၊ ရေအိုးစဉ်လမ်းနေ ညီထွေးနိုင်(ခ)ကုလားဘုန်းကြီး(ခ)ဟာစန်း၊ အသက် ၂၈ နှစ်၏ နေအိမ်အတွင်းမှ ၎င်းနှင့်အတူ ဇင်မောင်နိုင် (ခ)နူရွတ်လာ၊ အသက် ၂၃ နှစ်တို့နှစ်ဦးအား ပြုလုပ်ထားပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားအတု ၉ ခု၊ ပြုလုပ်ဆဲ နိုင်ငံသားစိစစ်ရေးကတ်ပြားအတု ၈ ခု၊ အိမ်ထောင်စုလူဦးရေစာရင်းအတု ၄ ခု၊ ဌာနဆိုင်ရာ/ ရုံးတံဆိပ်အတု ၁၂ ခု၊ လက်ကိုင်ဖုန်း ၂ လုံး၊ ဆက်စပ်ပစ္စည်းများနှင့် အတူဖမ်းဆီးရမိကြောင်း သိရသည်။

ထိုသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် ဌာနဆိုင်ရာ/ ရုံးစာရွက်စာတမ်းများ လိမ်လည်အတုပြုလုပ်သည့် ဖမ်းဆီးရမိတရားခံ ဂျင်မီအောင်(ခ)ကုလားကြီး(ခ)ဟာရွန်နှင့် ကျော်ထက်အောင်တို့အား လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်း (ပ) ၄၇/ ၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/ ၄၆၈ ဖြင့် လည်းကောင်း၊ ညီထွေးနိုင်(ခ)ကုလားဘုန်းကြီး(ခ)ဟာစန်းနှင့် ဇင်မောင်နိုင်(ခ)နူရွတ်လာတို့အား လှော်ကားနယ်မြေရဲစခန်း (ပ)၁၆/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈ ဖြင့်လည်းကောင်း အမှုရေးဖွင့်ဖမ်းဆီးစစ်ဆေးကာ ထိရောက်စွာအရေးယူနိုင်ရေးနှင့် ပူးပေါင်းပါဝင်ကျူးလွန်သူများအားလည်း ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

PAN