

(ပြည်တွင်း) ဇူလိုင် ၂၈
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်တွင် ဇူလိုင်လ ၂၆ ရက်နေ့၊ နံနက် ၈ နာရီအချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းနေရာများဖြစ်သော ရွှေဂွန်းကျေးရွာရှိ ရွှေပြည်တော်ရပ်ကွက်နှင့် ရွာသစ်ရပ်ကွက်တို့တွင် လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပွားနေကြောင်း သိရသည်။
အဆိုပါနေရာသို့ ရွှေဂွန်းနယ်မြေမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ရွှေဂွန်းကျေးရွာရှိ ရွှေပြည်တော်ရပ်ကွက်နှင့် ရွာသစ် ရပ်ကွက်တို့မှ အိမ်ထောင်စု (၆၁)စု၊ လူဦးရေ စုစုပေါင်း(၂၇၃)ဦးတို့အား ရေဘေးလွတ်ရာ ရွှေဂွန်းကျေးရွာအထက် ဘုန်းတော်ကြီးကျောင်းသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်းနှင့် လူထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။