(ပြည်တွင်း) ဇူလိုင် ၂၇

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့ နယ်၊ ကျောက်ကြီးမြို့ ၏ အနောက်ဘက်မီတာ ၄၀၀၀ ခန့်အကွာ လပတ်ကျေးရွာရှိ အပြစ်မဲ့ပြည်သူ များအား KNLA နှင့် PDF အကြမ်းဖက်သမားများက လက်နက်ငယ်များ၊ တုတ်၊ ဓားများဖြင့်အကြောင်းမဲ့ ပစ်ခတ်ခုတ်ဖြတ်ခဲ့မှုကြောင့် လူမမယ်ကလေး ငယ်များနှင့် သက်ကြီးဘိုးဘွားများ အပါအဝင် အပြစ်မဲ့ ပြည်သူ ၁၃ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

တပ်မတော်စစ်ကြောင်းများက အဆိုပါကျေးရွာသို့သွားရောက်၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ KNLA နှင့် PDF အကြမ်း ဖက်သမားများသည် ဇူလိုင်လ ၂၅ ရက် နံနက် ၁ နာရီခန့်တွင် ကျေးရွာ၏အနောက်မြောက်ဘက်နှင့် အရှေ့ဘက်တို့မှ ဝင်ရောက်လာပြီး ကျေးရွာအတွင်းမှ လူမမယ်ကလေးငယ်များနှင့် သက်ကြီးဘိုးဘွားများအပါအဝင် အပြစ်မဲ့ရွာသူ၊ ရွာသားများအား လက်နက်ငယ်များဖြင့် ယုတ်မာရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ဓားများဖြင့် ခုတ်ဖြတ်သတ်ဖြတ်ခဲ့ကြောင်း၊ ထိုသို့ သတ်ဖြတ်ခဲ့မှု ကြောင့် အသက် ၁၀ လသားအရွယ် ကလေးငယ် ၁ ဦး၊ အသက် ၃ နှစ်အရွယ် ကလေးငယ် ၂ ဦး၊ အသက် ၄ နှစ်အရွယ်ကလေးငယ် ၁ ဦး၊ အသက် ၆ နှစ်အရွယ် ကလေး ငယ် ၁ ဦး၊ အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၁၃ ဦးသေဆုံးခဲ့ပြီး အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁၂ ဦး၊စုစုပေါင်း ၁၅ ဦး ထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သေဆုံးခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ရွာသူ၊ ရွာသားများက ထုံးတမ်း အစဉ်အလာများနှင့်အညီ ကောင်းမွန်စွာ သင်္ဂြိုလ် ပေးခဲ့ပြီး ဒဏ်ရာရရှိခဲ့သူများအား နယ်မြေခံတပ်ဆေးခန်းသို့ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိရာ ယနေ့တွင် နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက်၍ ဆေးရုံတက်လူနာများအား အားပေးစကားပြောကြားပြီးစားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

စစ်ရေးနှင့် KNLA နှင့် PDF အကြမ်းဖက်သမားများအနေဖြင့် သက်ဆိုင်ခြင်းမရှိသော အပြစ်မဲ့ရွာသူ၊ ရွာသားများအား ယခုကဲ့သို့ ဆင်ခြင်တုံတရားမဲ့စွာဖြင့် လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး အကြမ်းဖက်သမားများ၏ ဆင်ခြင်တုံတရားမဲ့စွာ ဥပဒေမဲ့လုပ်ဆောင်ခဲ့မှုအပေါ် ဒေသခံပြည်သူများက ဝိုင်းဝန်းကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သမား များအား ဖမ်းဆီးဖော်ထုတ်အရေးယူနိုင်ရေး လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများအား ဒေသခံပြည်သူများနှင့် အတူပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။




#PAN