ညောင်ခါးရှည်တွင် ဆေးပြား သိန်း ၃ဝ ဖမ်းမိ

(မှုခင်း) မေ ၁၁

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၈ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့ နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် မန္တလေးမှ ဘားအံဘက်သို့ ကျော်ဇင်ဦး မောင်းနှင်ပြီး မမွန်မွန်ငြိမ်း လိုက်ပါလာသည့် MITSUBISHI FUSO ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၄ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၃၀ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှကရင်ပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

#PAN