(ပြည်တွင်း) မေ ၁၁
ပျောက်ဆုံးနေသည့် ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သတ္တဗေဒဌာနမှ ကထိက ဒေါ်ဝင်းဝင်းအောင်မှာ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အခြေပြုရာ နယ်မြေအတွင်းရှိ ပညာရေးဆိုင်ရာလုပ်ငန်းများ၌ AA နှင့် ပူးပေါင်းကူညီနိုင်ရေးအတွက် ကြိုတင်ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဒေါ်ဝင်းဝင်းအောင်သည် ၎င်းပျောက်ဆုံးဖြစ်စဉ်ကာလမတိုင်မီ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် ကြိုတင်ကြံစည်ဆက်သွယ်မှုများရယူခဲ့ပြီးမေလ ၇ ရက်တွင် ဆားလင်းကြီး PDF အကြမ်းဖက်အဖွဲ့ မှ ဇေယျာမင်းဌေး၏ ချိတ်ဆက်ကူညီမှုဖြင့်မိတ္ထီလာမြို့မှ ဆားလင်းကြီးမြို့ နယ်၊ ကျားတက်ကျေးရွာသို့သွားရောက်ခဲ့ပြီး ၎င်းမှတစ်ဆင့် AAအကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ဇော်အေးထွန်းထံသို့ ဆက်လက်သွားရောက်ခဲ့ကြောင်း သတင်းစုံစမ်းဖော်ထုတ်ချက်များအရ သိရသည်ဟုဆိုသည်။

ကထိကပညာရေးဝန်ကြီးဌာန၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သတ္တဗေဒဌာနမှဒေါ်ဝင်းဝင်းအောင်သည် ၂၀၂၅ ခုနှစ်၊ မေလ ၇ ရက်တွင် တာဝန်ကျနေရာမှ အကြောင်းမဲ့ပျက်ကွက်လျက်ရှိကြောင်းသိရှိရသဖြင့် စုံစမ်းစိစစ်မှုများဆောင်ရွက်ခဲ့သည်ဟုသိရသည်။

စိစစ်ချက်များအရ ဒေါ်ဝင်းဝင်းအောင်သည် ငလျင်ဘေးဒဏ်ကြောင့် မန္တလေးတိုင်းဒေသကြီးမှ တက္ကသိုလ်ဝင်တန်းပြန်လည်ဖြေဆိုမည့်ကျောင်းသား/ကျောင်းသူများအား အနီးကပ် သင်ကြားပို့ချပေးနိုင်ရေးအတွက် မေလ ၁ ရက်တွင်ရန်ကုန်အဝေးသင်တက္ကသိုလ်မှ အခြားနည်းပြများနှင့်အတူ မိတ္ထီလာတက္ကသိုလ်သို့ရောက်ရှိလာခဲ့ပြီးမေလ ၂ ရက်မှစတင်၍ အထက(၂)၊ ပျော်ဘွယ်၌ သင်ကြားပို့ချမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မေလ ၇ ရက် ၀၅၄၅ နာရီခန့်တွင် ဒေါ်ဝင်းဝင်းအောင်သည် မိတ္ထီလာတက္ကသိုလ်မှပျော်ဘွယ်မြို့ သို့ မထွက်ခွာမီ ၎င်း၏မိတ်ဆွေများနှင့်တွေ့ ဆုံရန်ဟူသော အကြောင်းပြချက်ဖြင့် အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဒေါ်မူမူအေးထံ ဖုန်းဖြင့်ခွင့်တိုင်ကြားခဲ့သော်လည်း ပုံမှန်သင်တန်းဆင်းချိန်အထိတာဝန်ကျနေရာသို့ ရောက်ရှိလာခြင်းမရှိဘဲ အကြောင်းမဲ့ပျက်ကွက်ခဲ့ကြောင်း၊ ထို့နောက် တာဝန်ရှိသူများမှ ဒေါ်ဝင်းဝင်းအောင်ထံ ဆက်သွယ်သော်လည်း တစ်စုံတစ်ရာ ဆက်သွယ်မှုမရရှိခဲ့ဘဲ ၂၁၃၀နာရီခန့်တွင် ဒေါ်ဝင်းဝင်းအောင်၏ သားဖြစ်သူ မောင်ရဲလင်းမြတ်ဟိန်း၏ gmail သို့ အကြမ်းဖက်အဖွဲ့အစည်းများ အသုံးပြုသည့် hanhninsu41@gmail.com မှ “Your Mon Condition is ok. After Little Checking, and will free” ဟုပေးပို့လာခဲ့ကြောင်း စိစစ်တွေ့ရှိရသည်ဟု သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။
ဒေါ်ဝင်းဝင်းအောင် ပျောက်ဆုံးမှုနှင့်ပတ်သက်၍ လိုအပ်သောစုံစမ်းစိစစ်မှုများဆောင်ရွက်ခဲ့ရာ မိတ္ထီလာတက္ကသိုလ်ရှိ စီစီတီဗွီမှတ်တမ်းများအရ ဒေါ်ဝင်းဝင်းအောင်သည် ၀၅၄၇နာရီခန့်တွင် ၎င်းနေထိုင်သည့် မိတ္ထီလာတက္ကသိုလ်၊ ကံ့ကော်ဆောင်မှ ၎င်းပိုင်အသုံးဆောင်ပစ္စည်းများပါရှိသည့် အိတ်အသေး ၁ လုံးနှင့်အတူ တက္ကသိုလ်၊ အမှတ်(၁)ဂိတ်မှထွက်ခွာသွားခဲ့ကြောင်း၊ ထို့နောက်မိတ္ထီလာတက္ကသိုလ်အနီးရှိ အရုဏ်ဦးလက်ဖက်ရည်ဆိုင်၌ တစ်ဦးတည်း နံနက်စာစားသုံးခဲ့ပြီး ၀၇၀၀နာရီခန့်တွင် လက်ဖက်ရည်ဆိုင်ရှေ့သို့ရောက်ရှိလာသော ယာဉ်အမှတ်(စိစစ်ဆဲ) Toyota Passo(ခဲရောင်)မော်တော်ယာဉ်ပေါ်သို့ ၎င်း၏သဘောဆန္ဒဖြင့် လိုက်ပါသွားခဲ့ကြောင်း စိစစ်တွေ့ရှိရသည်ဟု သိရသည်။
ဒေါ်ဝင်းဝင်းအောင်သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ၌ မွေးဖွားခဲ့သည့် ရခိုင်လူမျိုးတစ်ဦးဖြစ်ပြီး သူငယ်တန်းမှ ဘွဲ့ရရှိသည်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပညာသင်ကြားခဲ့ကြောင်း၊ထို့အပြင် တက္ကသိုလ်များ၌ နည်းပြဆရာမအဖြစ် တာဝန်မထမ်းဆောင်မီကာလများတွင်လည်း စစ်တွေမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာမူလတန်းကျောင်းအချို့ တွင် မူလတန်းပြ၊ အလယ်တန်းပြရာထူးများဖြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း စိစစ်တွေ့ရှိရသည်။
အကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့် ငလျင်ဘေးဒဏ်ကြောင့် တက္ကသိုလ်ဝင်တန်း ပြန်လည်ဖြေဆိုရန် အင်တိုက်အားတိုက်ကြိုပမ်းပြင်ဆင်နေကြသည့် မိဘဆရာများ၊ ကျောင်းသား/ကျောင်းသူများ၏ ပညာသင်ကြားရေးကို အနှောင့်အယှက်ဖြစ်စေရန်အတွက်လည်းကောင်း၊ သင်ကြားရေးလုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်လျက်ရှိသည့် ဆရာ/ဆရာမများအား အကြောက်တရားဖြင့် ခြိမ်းခြောက်လွှမ်းမိုးနိုင်ရေးအတွက်လည်းကောင်း ရည်ရွယ်၍ ဒေါ်ဝင်းဝင်းအောင်နှင့်ချိတ်ဆက်ကာ သတင်းအမှားများထုတ်လွှင့်ဝါဒဖြန့်ချိခဲ့ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်ဟု သတင်းထုတ်ပြန်ထားသည်။
#PAN