အလုံမြို့၊ ကမ်းနားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦး ဒဏ်ရာရရှိ


(မှုခင်း) ဧပြီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ ဧပြီလ ၂၅ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အလုံမြို့၊ ကမ်းနားလမ်း၊ မီးသတ်စခန်းအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ အမှတ်(၇)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ကမ်းနားလမ်းအတိုင်း မြောက်မှတောင်သို့ ကြည့်မြင်တိုင်မြို့နယ်၊ မန်ကျည်းတန်းမြောက်ရပ်ကွက်နေ အောင်သက်နိုင်၊ ၄၀ နှစ် မောင်းနှင်ပြီး ယာဉ်ပေါ်တွင် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦး လိုက်ပါလာသည့် YGN-35 7L/ xxxx TOYOTA WISH အဖြူရောင် မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိကာ လမ်း၏ဝဲဘက်ဘေး၌ ရပ်ထားသည့် မော်တော်ယာဉ် ၃ စီးအား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အင်းစိန်မြို့နယ်၊ မြို့သစ်ရပ်ကွက်နေ ကိုဝင်းကိုနိုင်၊ ၂၄ နှစ် ပါ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦးတို့တွင် ဒဏ်ရာများအသီးသီး ရရှိခဲ့သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကာ အောင်သက်နိုင်အား အလုံမြို့မရဲစခန်း ယာဉ်(ပ)၅/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN