YRTC က စံပြယာဉ်မောင်းများကို ထိုင်းနိုင်ငံသို့ လေ့လာရေးခရီးစဉ် ပို့ဆောင်ပေး

(ပြည်တွင်း) ဧပြီ ၂၃

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကောင်းမွန်သည့် စံပြယာဉ်မောင်းဆုရရှိတဲ့ YBS ယာဉ်မောင်းများကို ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ ထိုင်းနိုင်ငံသို့ လေ့လာရေး ခရီးစဉ် ပို့ဆောင်ပေးကြောင်း သိရပါတယ်။

အဆိုပါခရီးစဉ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်အရ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Bangkok Mass Transit Authority (BMTA) ရဲ့ ဖိတ်ကြားချက်အရ YRTC ကော်မတီဝင် (၁) ဦးခင်မောင်ဝင်း ဦးဆောင်ပြီး အုပ်ချုပ်သူ ၄ ဦးဖြင့် သွားရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါခရီးစဉ်မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကောင်းမွန် မှု စံပြယာဉ်မောင်းဆုရရှိတဲ့ YBS ယာဉ်မောင်း ၂၀ ဦး ပါဝင်သွားတယ်လို့ သိရပါတယ်။

ထိုယာဉ်မောင်းများက ဧပြီလ ၂၂ ရက်မှ ၂၆ ရက်အထိ ဘန်ကောက်မြို့တော်ရဲ့ ကောင်းမွန်တဲ့ ခရီးသွားသယ်ယူပို့ဆောင်မှုကဏ္ဍနှင့် EV Bus ပြေးဆွဲမှု အခြေအနေတို့ကို လေ့လာခွင့်ရရှိမှာ ဖြစ်ပါတယ်။