ရွေးကောက်ပွဲနီးကပ်လာချိန်တွင် အာမေးနီးယားနိုင်ငံက အမေရိကန်နှင့် မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် လက်မှတ်ရေးထိုး

(နိုင်ငံတကာ)မေ ၂၇

     ​​လာမည့် ဇွန်လတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ရုရှားလို လားသော အတိုက်အခံပါတီများ၏ စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည့် အာမေးနီးယား ဝန်ကြီးချုပ် နီကောလ် ဖာရှီနီယန် (Nikol Pashinyan) သည် အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးကို အဆင့်မြင့်တင်ပေးမည့် မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ရေး သဘော တူညီချက်တစ်ရပ်ကို လက် မှတ်ရေးထိုးလိုက်သည်။

     အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနှင့် အာမေးနီးယား နိုင်ငံခြားရေးဝန်ကြီး အာရရတ် မီရ်ဇိုယန် (Ararat Mirzoyan)တို့သည် အရေးကြီးသော တွင်းထွက်သတ္တုများဆိုင်ရာ မူဘောင်တစ်ရပ်နှင့် အာမေးနီးယားတောင်ပိုင်းကို ဖြတ်သန်းမည့် သယ်ယူပို့ဆောင်ရေး စင်္ကြံတစ်ခုပေါ်တွင် ပူး ပေါင်းဆောင်ရွက်မည့် သဘောတူညီချက်ကို အာမေးနီးယားမြို့တော် ဧရေဗန် (Yerevan) ၌ အင်္ဂါနေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

     “နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် ထရန့်လမ်းကြောင်း” (TRIPP)ဟု အမည်ပေးထားသည့် ၄၃ ကီလို မီတာ (၂၇ မိုင်) ရှည်လျားသော အဆိုပါ စင်္ကြံသည် အာမေးနီးယားတောင်ပိုင်းကို ဖြတ်သန်းသွားမည်ဖြစ်ပြီး၊ အဇာဘိုင်ဂျန်နိုင်ငံအား ၎င်း၏ ပင်မနယ်မြေနှင့် ကွဲကွာနေသော နက်ခ်ချီဗန် (Nakhchivan) နယ်မြေသို့လည်းကောင်း၊ ဘာကူး၏ ရင်းနှီးသော မဟာမိတ်ဖြစ်သည့် တူရကီနိုင်ငံသို့လည်းကောင်း တိုက် ရိုက်သွားလာနိုင်မည့် လမ်းကြောင်းတစ်ခုကို ပံ့ပိုးပေးမည်ဖြစ်သည်။

     အဆိုပါ လမ်းကြောင်းကို စီမံခန့်ခွဲမည့် “TRIPP ဖွံ့ဖြိုးတိုး တက်ရေးကုမ္ပဏီ” တွင် အမေရိကန်ကုမ္ပဏီများ အကျိုး အမြတ်ရရှိစေရန် အမေရိကန်အစိုးရအား ရှယ်ယာ ၇၄ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခွင့် ပေးအပ်ထားကြောင်းလည်း သိရသည်။

     ဝန်ကြီးချုပ် ဖာရှီနီယန်သည် အမေရိကန်၊ ဥရောပတို့နှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးရှိရန် ကြိုးပမ်းခဲ့သဖြင့် ကာလရှည်မဟာမိတ်ဖြစ်သည့် ရုရှား၏ အမျက်ဒေါသကို နှိုးဆွခဲ့ရာ၊ မော်စကိုကမူ အာမေးနီးယားအနေဖြင့် အနောက်အုပ်စုနိုင်ငံများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရန် ဆက်လက်ကြိုး   ပမ်းနေမည်ဆိုပါက ရုရှားထံမှ ရရှိနေသည့် သဘာဝဓာတ် ငွေ့ဈေးနှုန်းကို မြှင့်တင်သွားနိုင်ကြောင်း ခြိမ်းခြောက်ပြောကြားထားသည်။

     အာမေးနီးယားသည် သမိုင်းကြောင်းအရ ရုရှား၏ လုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာ ကာလရှည်မိတ်ဖက်ဖြစ်ခဲ့သော်လည်း၊ ၂၀၂၃ ခုနှစ်အတွင်း နာဂိုရ်နို-ကာရာဘတ် (Nagorno-Karabakh) ဒေသကို အဇာဘိုင်ဂျန်က အကြီးစားစစ်ရေးထိုးစစ် ဆင်နွှဲခဲ့စဉ်အတွင်း ယူကရိန်းစစ်ပွဲတွင် နစ်မွန်းနေသည့် ရုရှားက စစ်ရေးအရ ဝင်ရောက်စွက်ဖက်ပေးခဲ့ခြင်း မရှိသဖြင့် ဧရေဗန်သည် အနောက်အုပ်စုဘက်သို့ သိသိသာသာ လှည့်ပြောင်းလာခဲ့ခြင်း ဖြစ်သည်။

     အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက ယခုသဘောတူညီချက်သည် အာမေးနီးယားနှင့် အမေရိကန် နှစ်ဦးနှစ်ဖက်လုံး စီးပွားရေးအရ အပြန်အလှန် အကျိုး အမြတ်ဖြစ်ထွန်းစေမည့် အခိုင်မာဆုံးသော ချိတ်ဆက်မှုဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ အာမေးနီးယားနိုင်ငံခြားရေးဝန်ကြီးကလည်း မိမိတို့နှစ်နိုင်ငံကြား ဘက်စုံမဟာဗျူဟာမြောက် ဆက်ဆံရေးမှာ ဘယ်တုန်းကထက်မဆို ပိုမိုခိုင်မာနေပြီဖြစ်ကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်။

Telegram»…
https://t.me/positiveanglenews
#PAN