ဘယ်လ်ဂျီယမ်နိုင်ငံတွင် ရထားနှင့် မီနီဘတ်စ်ကား တိုက်မိပြီး လူလေးဦး သေဆုံး

(နိုင်ငံတကာ)မေ ၂၇

    ​​​​ဘယ်လ်ဂျီယမ်နိုင်ငံတွင် အရှိန်ပြင်းစွာ မောင်းနှင်လာသည့် ရထားတစ်စင်းက ရထားလမ်းကို ဖြတ်သန်းမောင်းနှင်ခဲ့သော ကလေးငယ်များ တင် ဆောင်လာသည့် မီနီဘတ်စ် ကားတစ်စင်းကို တိုက်မိခဲ့သဖြင့် ကလေးငယ်နှစ်ဦးအပါ အဝင် အနည်းဆုံး လူလေးဦး သေဆုံးသွားခဲ့ကြောင်း အာဏာပိုင်များက အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်။

     လူကိုးဦး တင်ဆောင်လာသည့် အဆိုပါ မီနီဘတ်စ်ဗန်ကား သည် မြို့တော် ဘရပ်ဆဲလ်၏ အနောက်မြောက်ဘက် ၃၀ ကီလို မီတာ (မိနစ် ၂၀ ခန့်အကွာ) ရှိ ဘတ်ဂန်ဟောက် (Buggenhout) မြို့အနီးတွင် နံနက်ခင်း လူစည်ကားချိန်အတွင်း ပိတ်ထားသည့် ရထားလမ်းဂိတ်တံခါးများကို ကျော်ဖြတ်မောင်းနှင်ခဲ့ခြင်း ဖြစ် သည်။

     ဘယ်လ်ဂျီယမ် ရထားလုပ်ငန်းစု မန်နေဂျာ (Infra-Bel) မှ ပြောရေးဆိုခွင့်ရှိသူ ဖရက်ဒရစ် ဆာခရီ (Frederic Sacre)က ရထားသည် ရထားလမ်းကူးသို့ ချဉ်းကပ်လာစဉ် တစ်နာရီလျှင် ၁၂၀ ကီလိုမီတာ (၇၅ မိုင်) ခန့်ရှိသော အရှိန်ဖြင့် မောင်းနှင်နေခြင်းဖြစ်ပြီး ဘရိတ်အုပ်ရန် အချိန်မရခဲ့ကြောင်းနှင့် တိုက်မိသည့်အရှိန်မှာ အလွန်ပြင်းထန်ကြောင်း အများပိုင်ရုပ်သံလိုင်းသို့ ပြောကြားခဲ့သည်။

     အရှေ့ဖလန်းဒါးစ်(East Flanders) ပြည်သူ့အစိုးရရှေ့နေရုံးမှ ပြောရေးဆိုခွင့်ရှိသူ လီဆာ ဒီ ဝီလ်ဒီ (Lisa De Wilde) ၏ ထုတ်ပြန်ချက်အရ ယခုမတော်တဆမှုကြောင့် အသက် ၄၉ နှစ်အရွယ် ဘတ်စ်ကားဒရိုင်ဘာနှင့် အသက် ၂၇ နှစ်အရွယ် ကားနောက်လိုက် (အစောင့်) တို့သည် အသက် ၁၂ နှစ်နှင့် ၁၅ နှစ်အရွယ် ကလေးငယ်နှစ်ဦးနှင့်အတူ နေရာ၌ပင် သေဆုံးသွားခဲ့သည်။ ထို့ပြင် အခြားကလေးငယ်ငါးဦးလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သဖြင့် စိုးရိမ်ရသည့်အခြေအနေဖြင့် ဆေးရုံတင်ထားရကြောင်း ၎င်းက ဆိုသည်။

     ဖက်ဒရယ်ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ အန် ဘာဂါ (An Berger)က “ဗန်ကားဟာ ရထားလမ်းနဲ့ အပြိုင်ရှိတဲ့လမ်းကနေ မောင်းနှင်လာပြီး ဘယ်ဘက်ကွေ့လိုက်ရာကနေ အဲဒီအချိန်မှာ မီးနီပြပြီး ပိတ်ထားတဲ့ ရထားလမ်းကူးနေရာကို ဝင်တိုက်ဖြတ်သန်းခဲ့တာပါ။ အဲဒီအချိန်မှာပဲ မျက်နှာ ချင်းဆိုင်က လာနေတဲ့ ရထားနဲ့ တိုက်မိခဲ့တာဖြစ်ပါတယ်” ဟု အခင်းဖြစ်ပွားပုံကို ရှင်းလင်းပြောကြားခဲ့သည်။

     ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ဘယ်လ်ဂျီယမ် ဝန်ကြီးချုပ် ဘတ် ဒီ ဝီဗာ(Bart De Wever)က ၎င်းအနေဖြင့် အလွန်အမင်း စိတ်မကောင်းဖြစ်ရပါကြောင်းနှင့် ထိခိုက်ခံစားရသည့် မိသားစုများနှင့်အတူ ထပ်တူဝမ်းနည်းရပါကြောင်း X လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန် ဒါ လေယန် (Ursula von der Leyen) ကလည်း ယခုဝမ်း နည်းစရာ မတော်တဆမှုကြောင့် ရင်ကွဲမတတ် ခံစားရပါကြောင်းနှင့် သေဆုံးသူ များ၏ မိသားစုများအတွက် အနက်ရှိုင်းဆုံး ဝမ်းနည်းကြေကွဲမှုကို ဖော်ပြခဲ့သည်။

     မတော်တဆမှုဖြစ်ပွားချိန်တွင် ရထားပေါ်၌ ခရီးသည် ၁၀၀ ခန့် လိုက်ပါလာသော်လည်း မည်သူမျှ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်းနှင့် လက်ရှိတွင် ယင်းဒေသအတွင်း ရထားလမ်း ကြောင်းပြေးဆွဲမှုများကို ခေတ္တရပ်ဆိုင်းထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN