(လွှတ်တော်) မေ ၂ရ
ပြည်သူများအနေဖြင့်လည်း မိမိတို့လွှတ်တော်အပေါ် မျှော်လင့်ချက် ယုံကြည်ချက်ထားရှိနေသည်ကို သိရှိရသည့်အတွက်ကြောင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မေးခွန်းများ တင်သွင်းမေးမြန်းရာတွင် ပြည်သူများ၏ အမှန်တကယ်လိုအပ်သည်များကို တင်သွင်းမေးမြန်းရန် လိုအပ်သည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ကပြောသည်။

ပြည်ခိုင်ဖြိုးဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သည့် ဦးခင်ရီ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့်ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများအား မေလ ၂၇ ရက်နေ့က မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး သဘင်ဆောင်၌ သီးခြားစီတွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မဲဆန္ဒရှင်ပြည်သူများနှင့် နိုင်ငံတော်အကျိုးအတွက် လက်ရှိကာလတွင် တက်တက်ကြွကြွ သက်ဝင်လှုပ်ရှား ဆောင်ရွက်နေသည်ကို တွေ့ရှိရပြီး ယင်းသို့ဆောင်ရွက်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လုပ်ထုံးလုပ်နည်းများ လွဲမှားမှုမရှိစေလိုသည်ဟုဆိုသည်။

ထို့ပြင် လွှတ်တော်ဆိုသည်မှာ သက်ဆိုင်ရာမဲဆန္ဒနယ်အသီးသီးမှ ပြည်သူတို့၏ ဆန္ဒနှင့်အညီ ရွေးချယ်တာဝန်ပေးအပ်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည့် နေရာတစ်ခုဖြစ်သည့်အတွက် ဥပဒေပြုလုပ်ငန်းသည် လွှတ်တော်၏ အဓိကလုပ်ငန်းတာဝန်ဖြစ်ပြီး လွှတ်တော်သည် နိုင်ငံသူနိုင်ငံသားများကို ဥပဒေအကာအကွယ်အောက်တွင် ငြိမ်းငြိမ်းချမ်းချမ်း သာသာယာယာနေနိုင်အောင် ဆောင်ရွက်ပေးရန်တာဝန်ရှိဟု ဆိုသည်။
သို့ဖြစ်၍ ခေတ်စနစ်နှင့် မလျော်ညီသည့် တည်ဆဲဥပဒေများကို စနစ်တကျလေ့လာပြီး ပြင်ဆင်၊ ဖြည့်စွက်ပြဋ္ဌာန်းပေးရန်လိုပါကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေကို လေ့လာသုံးသပ်ပြီး ခေတ်နှင့်လျော်ညီသည့် ဥပဒေများပြဋ္ဌာန်ပေးရန်လိုသည်ဟုလည်းမှာကြားသည်။
အွန်လိုင်းလိမ်လည်မှု များနှင့်ပတ်သက်၍ ထိထိရောက်ရောက် တားဆီးနှိမ်နင်းနိုင်ရေးအတွက် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေ မူကြမ်းရေးဆွဲ၍ ဆောင်ရွက်ထားပြီးဖြစ်သည့်အပြင် လွှတ်တော်အနေဖြင့်လည်း ယခုကျင်းပမည့် ဒုတိယပုံမှန်အစည်းအဝေးတွင် အဆိုပါအွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဥပဒေမူကြမ်းအား ဥပဒေအဖြစ်ပြဋ္ဌာန်းနိုင်ရေး ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပါသည်ဟု အသိပေးပြောဆိုခဲ့သည်။
ထို့ပြင် လွှတ်တော်ကိုယ်စား လှယ်များအနေဖြင့် မိမိတို့ မဲဆန္ဒနယ်မြေအကြောင်းနှင့် မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒကိုအသေးစိတ်သိရှိရန် လိုအပ်ပြီး သို့မှသာ ပြည်သူများ၏ လိုအပ်ချက်များကို လွှတ်တော်တွင် အချိန်နှင့် တစ်ပြေးညီတင်ပြ၍ ဖော်ဆောင်ပေးနိုင်မည်သကဲ့သို့ လွှတ်တော်အနေဖြင့် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကိုလည်း မျက်ခြည်မပြတ် မှတ်သားလေ့လာပြီး လွှတ်တော်ကဏ္ဍမှ ပေါင်းစပ်ဆောင်ရွက်ရမည့် ကိစ္စရပ်များကိုလည်း ပူးပေါင်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ထို့နောက် လွှတ်တော်နှင့်အစိုးရ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်နိုင်မှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု လိုအပ်ချက်များကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ဥပဒေပြုရေးလုပ်ငန်းများကို အထောက်အကူပြုနိုင်စေရန်အတွက် အစိုးရ၏မူဝါဒသိရှိနိုင်ရန် နိုင်ငံပိုင်သတင်းစာများ၊ မျက်မှောက်ခေတ် နိုင်ငံတကာသတင်းများကို မျက်ခြည်မပြတ် လေ့လာကြရမည်ဟုလည်းပြောသည်။
လွှတ်တော်ကိုယ်စားလှယ်များကလည်း ပါတီစွဲ၊ လူမျိုးစွဲ၊ ဝါဒစွဲမထားဘဲ နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးကိုရှေးရှုပြီးဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့လက်ထက်တွင် ပိုမိုကောင်းမွန်သည့် လွှတ်တော်များဖြစ်လာစေရေး ဆောင်ရွက်သွားရမည်ဖြစ်ပြီး ပြည်သူလူထု၏အခက်အခဲများကို ဖြည့်ဆည်းဆောင်ရွက်ပေးသော ကိုယ်စားလှယ်များဖြစ်ရန်နှင့် ပြည်သူလူထုက ယုံကြည်ထိုက်သူများဖြစ်ရန် ကြိုးစားသွားရန် မှာကြားခဲ့ကြောင်း သိရသည်။
#PAN