အမေရိကန်၏ တိုက်ခိုက်မှုများသည် ‘ပြင်းထန်စွာ ချိုးဖောက်မှု’ ဖြစ်ကြောင်း တီဟီရန်က သတ်မှတ်ပြီး တုံ့ပြန်ရန် အသင့်ရှိကြောင်း ပြောကြား

(နိုင်ငံတကာ)မေ ၂၇

    ​​​​အီရန်နိုင်ငံတောင်ပိုင်း ဟော်မိုဇဂန်(Hormozgan) ပြည် နယ်အတွင်း အမေရိကန်၏ တိုက်ခိုက်မှုများသည် ဧပြီလအစောပိုင်းကတည်းက အသက်ဝင်ခဲ့သည့် ပျက်စီးလွယ်သော အပစ်အခတ်ရပ်စဲရေးကို “ပြင်းထန်စွာ ချိုးဖောက်မှု” တစ်ရပ်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

     တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ လေကြောင်းရန်ကာကွယ် ရေးတပ်ဖွဲ့ (Aerospace Force) အာဏာပိုင်ဖြစ်သူ ဆယက် မာဂျစ် မူဆာဗီ (Seyed Majid Moosavi)က ၎င်းတို့အနေဖြင့် စစ်ရေးအရ ပြန်လည်တုံ့ပြန်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့ပြီး၊ လက်ရှိလုပ်ဆောင်နေသည့် သံတမန်ရေးရာ ညှိနှိုင်းမှုများနှင့် ပတ်သက်၍ “ရန်သူနှင့် ညှိနှိုင်းဆွေးနွေးခြင်းသည် သက်သက်အရှုံးသာဖြစ်သည်” ဟု X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပြင်း ပြင်းထန်ထန် ဝေဖန်ရေးသားခဲ့သည်။

     အီရန်နိုင်ငံ၏ မဟာဗျူဟာမြောက် ဘာလစ်စတစ်ဒုံးကျည်နှင့် ဒရုန်းအစီအစဉ်များကို ကြီးကြပ်ကွပ်ကဲရသည့် လေတပ်အနေဖြင့် “အထူးပင် နိုးနိုးကြားကြားရှိနေပြီး ပြတ် သားမြန်ဆန်သော တုံ့ပြန်မှုတစ်ခုအတွက် အပြည့်အဝ အဆင်သင့်ဖြစ်နေကြောင်း” နှင့် ၎င်းတို့၏ စစ်သေနာပတိချုပ်ထံမှ နောက်ဆုံးအမိန့်ကို စောင့်ဆိုင်းနေကြောင်း ၎င်းက ဆိုသည်။

     ယခုကဲ့သို့ စစ်ရေးအရ တိုက်ခိုက်မှုများသည် နှစ်ဦး နှစ်ဖက်အကြား ပြင်းထန်သော ဆွေးနွေးပွဲများ လုပ်ဆောင်နေစဉ်အတွင်း ပေါ်ပေါက်လာခြင်းဖြစ်သည်။ လက်ရှိတွင် နှစ်ဖက်စလုံးက စစ်ပွဲကို ရပ်တန့်စေနိုင်ပြီး ရေကြောင်းပိတ်ဆို့ခံထားရသည့် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ကုန်စည်ကူးသန်းမှုများကို ပြန်လည်စတင်နိုင်မည့် နားလည်မှုစာချွန်လွှာတစ်ရပ်အပေါ် တိုးတက်မှုများရှိကြောင်း အချက်ပြထားကြသည်။

     အီရန်၏ ထိပ်သီးညှိနှိုင်းရေးမှူး မိုဟမ္မဒ် ဘာဂါ ဂါလီဘတ်၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌတို့သည် ဖြစ်နိုင်ခြေရှိသော သဘောတူညီချက်တစ်ရပ်အတွက် ကာတာဝန်ကြီးချုပ်နှင့် ဆွေးနွေးရန် ကာတာနိုင်ငံ ဒိုဟာမြို့သို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။ အီရန်အနေဖြင့် အဆိုပါ နားလည်မှုစာချွန်လွှာ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ပြည်ပတွင် ပိတ်ဆို့ခံထားရသည့် အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံခန့်ရှိသော အီရန်ရန်ပုံငွေများကို ပြန်လည်ထုတ်ပေးရန် တောင်းဆိုထားပြီး၊ ယင်းကိစ္စသည် သဘောတူညီချက် အပြီးသတ်နိုင်ရန်အတွက် နောက် ဆုံးကျန်ရှိနေသော အလေးအနက်ထား ညှိနှိုင်းရခက်ခဲသည့် အချက် (Sticking point) ဖြစ်နေကြောင်း သိရသည်။

     ကနဦးသဘောတူညီချက် မူဘောင်တွင် စစ်မျက်နှာအားလုံး ၌ စစ်ပွဲကို အဆုံးသတ်ရန်နှင့် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ရက်ပေါင်း ၃၀ စာ ဖြတ်သန်းသွားလာခွင့်ပေးရန်တို့ ပါဝင်မည်ဖြစ်ပြီး၊ အီရန်၏ နျူကလီးယားအစီအစဉ်ကဲ့သို့သော ပိုမိုရှုပ် ထွေးသည့် ကိစ္စရပ်များကိုမူ ဒုတိယအဆင့်တွင် ဆက်လက်ဆွေးနွေးသွားရန် ရည်ရွယ်ထား သည်။

     အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကမူ အီရန်နှင့် ဆွေး နွေးမှုများသည် “အဆင်ပြေချောမွေ့စွာ” သွားနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သော်လည်း၊ အကယ်၍ ဆွေးနွေးပွဲများ ပျက်ပြားသွားပါက တိုက်ခိုက်မှုအသစ်များ ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့သည်။ ထရန့်က “ဒါဟာ အားလုံးအတွက် ကြီးကျယ်ခမ်းနားတဲ့ သဘောတူညီချက်တစ်ခုပဲ ဖြစ်ရမယ်၊ သို့မဟုတ်ရင် ဘာသဘော တူညီချက်မျှ ဖြစ်လာမှာမဟုတ်ဘူး” ဟု လူမှုကွန်ရက်တွင် ရေး သားထားသည်။

Telegram»…
https://t.me/positiveanglenews

#PAN