(မှုခင်း) မေ ၂၇
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများတွင် တရားမဝင် ဝင်ရောက်နေထိုင်ကာ အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ပြည်ပနိုင်ငံသားများကို စုံစမ်းဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့မှတစ်ဆင့် ကရင်ပြည်နယ်၊ မြဝတီမြို့ ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ တရားမဝင် လမ်းကြောင်းမှ ဝင်ရောက်နေခဲ့သည့် ဖိလစ်ပိုင်နိုင်ငံသား ၂ ဦး၊ နီပေါနိုင်ငံသား ၁ ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား ၁ ဦး စုစုပေါင်း ပြည်ပနိုင်ငံသား ၄ ဦးကို ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေးအတွက် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ ကောက်ယူနေမှုများကို မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ၂၀၂၆ ခုနှစ် မေ ၂၆ ရက်အထိ မြဝတီမြို့နယ်အတွင်း တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄,၆၈၉ ဦးကို ထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းတို့အနက် ၁၃,၅၂၁ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
လွှဲပြောင်းပေးအပ်ရန် ကျန်ရှိသည့် ၁,၁၆၈ ဦးအနက် ၆၆၂ ဦးကို သက်ဆိုင်ရာဥပဒေများအရ အရေးယူဆောင်ရွက်ထားပြီး ကျန်ရှိသည့် ၅၀၆ ဦးကိုလည်း ပြည်နှင်လွှဲပြောင်းပေးနိုင်ရန် အသင့်အနေအထားဖြင့် ထိန်းသိမ်းထားရှိကြောင်းနှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် ဆက်စပ်သည့် လုပ်ငန်းများတွင် ပါဝင်ပတ်သက်သူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သူများကို ဖော်ထုတ်၍ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
#PAN