(အားကစား) ဖေဖော်ဝါရီ ၁၄

အဲဗာတန်အသင်းနဲ့ လီဗာပူးအသင်းတို့ကစားခဲ့တဲ့ မာဆေးဆိုက်ဒ်ဒါဘီ ပွဲစဉ်ကို တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာဟာပွဲကို ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့ခဲ့တယ်လို့ လီဗာပူးနောက်ခံလူ ဗန်ဒိုက်ချ် က ဝေဖန်သွားခဲ့ပါတယ်။
၂ ဂိုးစီသရေကျခဲ့တဲ့ ပွဲအပြီးမှာ လီဗာပူးပရိသတ်တွေရှေ့အောင်ပွဲသွားခံခဲ့တဲ့ အဲဗာတန် ကွင်းလယ်လူ ဒူကူရီ ကြောင့် နှစ်ဖက်ကစားသမားတွေ အချင်းများခဲ့ကြပြီး ကွင်းလုံခြုံရေးတွေက ဝင်ရောက် ဖျန်ဖြေ ပေးခဲ့ကြ ရပါတယ်။
အဲဒီနောက် ကွင်းလယ်ဒိုင် အိုလီဗာ က အချင်းများခဲ့ကြတဲ့ လီဗာပူးကွင်းလယ်လူ ကာတစ်ဂျုံးစ်နဲ့ အဲဗာတန် ကွင်းလယ်လူ ဒူကူရီတို့ကို အနီကတ်တွေပြသခဲ့သလို ပွဲအပြီးမှာ ကွင်းအတွင်း ဝင်ရောက်ကာ အပြင်းအထန် စောဒက တက်ခဲ့တဲ့ လီဗာပူးနည်းပြစလော့နဲ့ လက်ထောက်နည်းပြ ဆစ်ပ်ကီတို့ကိုပါ အနီကတ်တွေ ပြသခဲ့ပါတယ်။
အဆိုပါဖြစ်ရပ်မှာ အဲဗာတန်ကွင်းလယ်လူ ဒူကူရီ က စတင်ခဲ့တယ်ဆိုတာ အားလုံးအမြင်ဖြစ်သလို ကွင်းလယ်ဒိုင်ကလည်း ပွဲကို ထိန်းချုပ်နိုင်မှု မရှိခဲ့ဘူးလို့ ဗန်ဒိုက်ချ် က ပွဲအပြီးမှာ ဝေဖန်သွားခဲ့ပါတယ်။
အခုပွဲဟာ အဲဗာတန်အသင်း ကွင်းသစ်ကို မပြောင်းရွှေ့မီ ဂွတ်ဒီဆင်ပါ့ခ် ကွင်းမှာကစားတဲ့ နောက်ဆုံးမာဆေးဆိုက်ဒ်ဒါဘီပွဲ ဖြစ်တာကြောင့်လည်း ပရိသတ်တွေရဲ့ စိတ်ခံစားချက်က ပြင်းထန်ခဲ့ပါတယ်လို့ အဲဗာတန်နည်းပြ မိုရက်စ် က သုံးသပ် သွားခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews