(နိုင်ငံတကာ) ဖေဖော်ဝါရီ ၁၁

ဘောလ်တစ်ဒေသနိုင်ငံများဖြစ်ကြသည့် အက်စတိုးနီးယား၊ လက်ဗီးယား၊ လစ်သူယေးနီးယားနိုင်ငံတို့ နှင့် ရုရှားနိုင်ငံတို့ကြား လျှပ်စစ်ဓာတ်အားစီးဆင်းမှုမှာ ဖေဖော်ဝါရီလ ၈ ရက်တွင် တရားဝင်ဖြတ်တောက် ခဲ့ပြီဖြစ်သည်။
အဆိုပါ ဘောလ်တစ်ဒေသနိုင်ငံ သုံးနိုင်ငံတို့သည် ၎င်းတို့၏ လျှပ်စစ်ဓာတ်အားဖြန့်ဝေရေးစနစ်ကို ရုရှားနိုင်ငံ၏ မဟာဓာတ်အားလိုင်းစနစ်နှင့် ချိတ်ဆက်ထားမှုကို ဖေဖော်ဝါရီလ ၈ ရက် နံနက်ပိုင်းတွင် စတင် ဖြတ်တောက်ခဲ့သည်။
ရုရှားမဟာဓာတ်အားလိုင်းစနစ်နှင့် ချိတ်ဆက်ထားမှုကို ဖြတ်တောက်ခဲ့ပြီးနောက် အက်စတိုးနီးယား၊ လက်ဗီးယားနှင့် လစ်သူယေးနီးယားနိုင်ငံတို့သည် ဥရောပသမဂ္ဂ၏ မဟာဓာတ်အားလိုင်းစနစ်နှင့် စတင် ချိတ်ဆက်ခဲ့ကြသည်။
အဆိုပါ ဘောလ်တစ်ဒေသနိုင်ငံ သုံးနိုင်ငံတို့သည် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခဲ့ပြီးနောက်ပိုင်း ရုရှား၏ မဟာဓာတ်အားလိုင်းနှင့် နှစ်ပေါင်း ၃၀ ကျော် ချိတ်ဆက်ထားခဲ့ ကြသော နိုင်ငံများဖြစ်ကြသည်။
သို့ရာတွင် ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက် ရုရှားနိုင်ငံနှင့် အဆိုပါဘောလ်တစ်ဒေသနိုင်ငံများ ဆက်ဆံရေး တင်းမာလာခဲ့ရသည်။ ရုရှားမဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်မှုဖြတ်တောက်ခဲ့ပြီး ၂၄ နာရီအကြာတွင် သီးခြားဘောလ်တစ် ဓာတ်အားလိုင်းစနစ် စတင်လည်ပတ်ခဲ့ပြီး ဖေဖော်ဝါရီလ ၉ ရက်တွင် ဥရောပသမဂ္ဂ မဟာဓာတ်အားလိုင်း စနစ်နှင့် ချိတ်ဆက်ခဲ့ကြောင်း အက်စတိုးနီးယား တာဝန်ရှိသူများက ပြောကြားခဲ့သည်။
Telegram»…
https://t.me/positiveanglenews