ဘိလပ်မြေစက်ရုံများအတွက် ကျောက်မီးသွေးများအား ပြည်ပမှတင်သွင်းခွင့်ပြု


(ပြည်တွင်း) ဖေဖော်ဝါရီ ၁၁

ပြည်တွင်းရှိဘိလပ်မြေစက်ရုံများအတွက် လိုအပ်သည့် ကျောက်မီးသွေးများကို ပြည်ပမှတင်သွင်းခွင့်ပြုသွား မှာဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရပါတယ်။

တင်သွင်းခွင့်ကို ယခုဖေဖော်ဝါရီလမှ စတင်ခွင့်ပြုပေးသွားမှာဖြစ်ကြောင်း၊ ထုတ်လုပ်မှုများတိုးမြှင့်ဆောင်ရွက် နိုင်ရန်နှင့် ဘိလပ်မြေစက်ရုံများ စဉ်ဆက်မပြတ် ကုန်ထုတ်လုပ်နိုင်ရန်တို့အတွက် လိုအပ်တဲ့ စက်မှုကုန်ကြမ်းဖြစ်တဲ့ ကျောက်မီးသွေးများကို တင်သွင်းခွင့်ပြုပေးခြင်းဖြစ်ကြောင်း သိရပါတယ်။

ဒါကြောင့် ကျောက်မီးသွေးလိုအပ်သည့် ဘိလပ်မြေစက်ရုံများအနေဖြင့် သွင်းကုန်လိုင်စင်များ စတင်လျှောက် ထားနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်တွင်းရှိဆောက်လုပ်ရေးလုပ်ငန်းများ ယခုပွင့်လင်းရာသီမှာ တိုးမြှင့် ဆောင်ရွက်လျက်ရှိရာမှ အချိန်မီပြီးစီးနိုင်ရေးအတွက် ပြည်တွင်းဘိလပ်မြေစက်ရုံများရဲ့ ထုတ်လုပ်မှုများအပြင် ပြည်ပမှလည်း နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်းကုန်သွယ်ရေးတို့မှ အားဖြည့်တင်သွင်းခွင့်ပြုထားရာ ယခု ဖေဖော်ဝါရီလတွင်း ဘိလပ်မြေများ ရောက်ရှိမှာဖြစ်တယ်လို့လည်း ၎င်းဝန်ကြီးဌာနမှ သိရပါတယ်။

မြန်မာနိုင်ငံတွင် ကျောက်မီးသွေးထွက်ရှိတဲ့ အထင်ကရနေရာပေါင်း ၃၀ ကျော်ရှိပြီး ဘိလပ်မြေ စက်ရုံများ အနေနဲ့လည်း နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ စက်ရုံပေါင်း ၁၉ ရုံရှိကာ ၎င်းစက်ရုံများမှ ဘိလပ်မြေ ထုတ်လုပ်လျက်ရှိတဲ့အတွက် ပြည်ပမှတင်သွင်းမှု အထိုက်အလျောက်လျော့ကျခဲ့တယ်လို့ သိရပါတယ်။

ပြည်တွင်းမှာ ဆောက်လုပ်ရေးအတွက် အသုံးလိုတဲ့ ဘိလပ်မြေတွေကို တရုတ်၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့ကနေ အဓိက တင်သွင်းနေတာဖြစ်တယ်လို့လည်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN