ပြည်ပပို့ကုန်ဆန်စပါး REZ စီမံကိန်းများကို ဂြိုဟ်တုနည်းပညာဖြင့် စောင့်ကြည့်စိစစ်မည်

(စီးပွားရေး) စက်တင်ဘာ ၁၇

ပြည်ပပို့ကုန်ဆန်များ ထုတ်လုပ်ရန် အကောင်အထည်ဖော်နေသည့် ဆန်စပါးစိုက်ပျိုးရေးဇုန် (Rice Export Zone – REZ) စီမံကိန်းများကို ဂြိုဟ်တုနည်းပညာအသုံးပြု၍ စိုက်ပျိုးရေးအခြေအနေများ စိစစ်ထောက်လှမ်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ထံမှ သိရသည်။

အဆိုပါအစီအစဉ်နှင့်ပတ်သက်၍ စက်တင်ဘာ ၁၂ ရက်က ကုန်သည်/စက်မှုအသင်းချုပ်တွင် ပြုလုပ်ခဲ့သည့် REZ စီမံကိန်းမှ တောင်သူလယ်သမားခေါင်းဆောင်များ၊ ကုမ္ပဏီများ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် MRF တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲတွင် Satellite-Based Monitoring Service for Rice Export Zone (Project Consortium) အဖွဲ့က ရှင်းလင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

Project Consortium အနေဖြင့် ဂြိုဟ်တုနည်းပညာအသုံးပြု၍ စိုက်ပျိုးရေးအခြေအနေများ၊ အပင်အခြေအနေများနှင့် ရိတ်သိမ်းမှုအခြေအနေများကို စိစစ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကနဦးအနေဖြင့် ဧက ၁ သိန်းတွင် စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် MRF အသင်းဝင် Exporter ကုမ္ပဏီများ ပူးပေါင်း၍ REZ စီမံကိန်းများကို ဧက ၃ သိန်းကျော်အထိ နေပြည်တော်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

REZ စီမံကိန်းများကို တောင်သူလယ်သမားများ၏ စပါးသီးနှံအထွက်နှုန်း တိုးတက်လာစေရေးနှင့် ဝင်ငွေတိုးတက်လာစေရေး၊ ပြည်ပပို့ကုန်ဆန်များ အရည်အသွေးကောင်းမွန်စေရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် နှစ်စဉ် ဆန်တင်ပို့မှု ပိုမိုတိုးတက်လာစေရေးကို စနစ်တကျ ဆောင်ရွက်နိုင်ရန်နှင့် ပို့ကုန်လုပ်ငန်းမှ ဦးဆောင်သည့် ဆန်စပါးကဏ္ဍတစ်ခုလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးတို့ကိုလည်း REZ စီမံကိန်းများ၏ အဓိကရည်ရွယ်ချက်များအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။