မုတ်သုံလေနှင့် မိုးတိမ်တောင်များ အားကောင်းနေသဖြင့် တိုင်းနှင့် ပြည်နယ်အများစု၌ မိုးထစ်ချုန်းရွာပြီး ဒေသအချို့တွင် မိုးကြီးနိုင်ကြောင်း မိုးဇလ သတိပေး

(မိုး/ဇလ) စက်တင်ဘာ ၁၇

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေခြင်း၊ မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေခြင်းတို့ကြောင့် ယနေ့ (စက်တင်ဘာလ ၁၇ ရက်) မှ စက်တင်ဘာလ ၂၁ ရက်နေ့အတွင်း တိုင်းနှင့် ပြည်နယ်အများစု၌ မိုးထစ်ချုန်းရွာပြီး ဒေသအချို့တွင် မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက် ထုတ်ပြန်လိုက်သည်။

ဖြစ်စဉ်မှာ အဆိုပါ လေထုမငြိမ်သက်မှုများကြောင့် စက်တင်ဘာ ၂၁ ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်၊ ချင်းနှင့် ရှမ်း (မြောက်ပိုင်း) တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း (အောက်ပိုင်း)၊ ဧရာဝတီ၊ တနင်္သာရီ၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်နှင့် ရှမ်း (တောင်ပိုင်း/အရှေ့ပိုင်း) တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်သည်။ ထို့ပြင် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

ထို့အပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေခန့်အထိ ရှိနိုင်ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီး နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်/ချောင်းငယ်အနီး နေထိုင်သူများအနေဖြင့် ရေကြီးရေလျှံမှုများကိုလည်းကောင်း ကြိုတင်သတိပြုကြရန် တိုက်တွန်းထားသည်။ ထို့ပြင် ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်ရှိ ကမ်းနီး/ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြု သွားလာကြရန် မိုးဇလက အသိပေး နှိုးဆော်ထားကြောင်း သိရှိရသည်။