(ပြည်တွင်း) ဩဂုတ် ၄
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးဆည်၏ ကန်ရေပြည့်အမှတ်သို့ ၁ ပေခွဲခန့်သာ လိုတော့သဖြင့် ရေတံခါးများ ဖွင့်လှစ်ထားကြောင်းနှင့် ရေဝင်ရောက်မှုမြင့်တက်လာသဖြင့် ကျေးရွာအချို့မှ ဒေသခံများအား ကုန်းမြင့်ပိုင်းများသို့ အရေးပေါ်ပြောင်းရွှေ့ကြရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီးကော်မတီ) ၏ ဩဂုတ် ၄ ရက် ည ၈ နာရီကျော်အချိန် ထုတ်ပြန်ချက်အရ ဆည်တော်ကြီးဆည်၏ ကန်ရေပြည့်အမှတ်သို့ ၁ ပေခွဲခန့်သာ လိုအပ်တော့သဖြင့် ရေတံခါးများကို ဖွင့်ချထားလျက်ရှိကြောင်း ဖော်ပြထားသည်။
ထို့ပြင် တံငါတံတား၏ လက်ရှိရေအမှတ်မှာ ၉၅ ဒသမ ၆ ပေအထိ ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်ကို ကျော်လွန်နေပြီဖြစ်ကြောင်း၊ ရေထပ်မံ ၃ ပေခန့် မြင့်တက်လာပါက ကားလမ်းပေါ်သို့ ရေကျော်ဝင်နိုင်ကြောင်း သိရသည်။
လက်ရှိတွင် ကျေးရွာများနှင့် ထိစပ်နေသော ချောင်းဘောင်များမှ ရေများကျော်လွန်ဝင်ရောက်နေပြီဖြစ်သဖြင့် ပုဂံစု၊ ရေချောင်း၊ သပြေချောင်နှင့် အင်းသကားကျေးရွာများမှ ဒေသခံပြည်သူများအနေဖြင့် ကုန်းမြင့်ပိုင်းများသို့ အမြန်ဆုံး အရေးပေါ်ပြောင်းရွှေ့နေထိုင်ကြရန် သတိပေးနှိုးဆော်ထားသည်။
ထို့အပြင် ရေဘေးအရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လိုအပ်သည့် လူအင်အားနှင့် ပစ္စည်းများကို အသင့်ပြင်ဆင်ထားကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီးကော်မတီ) က ထုတ်ပြန်ထားသည်။