(မှုခင်း) သြဂုတ် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊နမ့်စန်မြို့နယ်၊ နားရိုင်းရွာသစ်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူများအား လက်နက်၊ ခဲယမ်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

ယနေ့မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများသည် နမ့်စန်မြို့နယ်၊ နားရိုင်းရွာသစ်ကျေးရွာ၏ တောင်ဘက်မီတာ ၂၅၀ ခန့်အကွာရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အလျား ၈၀ ပေ၊ အနံ ၆၀ ပေ (အုတ်ကာ၊ သွပ်မိုး)အဆောက်အအုံ ၁ လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသည့် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား အမျိုးသား ၃၆ ဦးနှင့် အမျိုးသမီး ၂ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၇ ဦး၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း အမျိုးသား ၄၃ ဦးနှင့် အမျိုးသမီး ၆ ဦးတို့အား P-365 အမျိုးအစား ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၉ မမကျည် ၅ တောင့်၊ UZI အမျိုးအစား ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ပွိုင့် ၃၈ ကျည် ၉ တောင့်၊ AK-47 မောင်းပြန်ရိုင်ဖယ် ၂ လက်၊ ကျည်အိမ် ၂ ခု၊ ၇ ဒသမ ၆၂ မမ ကျည် ၅၀ တောင့်၊ လုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် ဖုန်းမျိုးစုံ ၆၇ လုံး၊ All in One ကွန်ပျူတာ ၄ လုံး၊ CPU ၁ လုံး၊ Star Link ၆ စုံတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် စစ်ဆေးမှုပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး နောက်ကွယ်မှ ပါဝင်ပတ်သက်နေသူများကိုလည်း စုံစမ်းဖော်ထုတ်ကာ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။