(လွှတ်တော်) ဩဂုတ် ၂၆

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Le Hoai Trung ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် တရားဝင်သံတမန်ဆက်ဆံရေးကို ၁၉၇၅ ခုနှစ် မေလမှစတင်၍ ထူထောင်ခဲ့ကြသဖြင့် ယခုအခါ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးသည် ၅၁ နှစ်မြောက်ကာလသို့ ရောက်ရှိလာပြီဖြစ်ကြောင်း ပြောကြားသည်။

နှစ်နိုင်ငံကို ဦးဆောင်ခဲ့ကြသည့် ခေါင်းဆောင်များအဆက်ဆက်က မြန်မာ-ဗီယက်နမ် ချစ်ကြည်ရင်းနှီးမှုကို ခိုင်မာစွာ တည်ဆောက်ခဲ့ကြသဖြင့် နှစ်နိုင်ငံသည် ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် မိတ်ဆွေနိုင်ငံများဖြစ်ကြောင်းလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။

ထို့အပြင် မြန်မာနှင့်ဗီယက်နမ် နှစ်နိုင်ငံအကြား စီးပွားရေး၊ နည်းပညာနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ဗီယက်နမ်နိုင်ငံ၏ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်မှုအပေါ် မြန်မာနိုင်ငံအနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိကြောင်းနှင့် ဗီယက်နမ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအထောက်အပံ့ပြုသည့် Doi Moi Plan (2.0) နှင့်ပတ်သက်၍လည်း ထဲထဲဝင်ဝင် လေ့လာလိုကြောင်း ပြောကြားသည်။
လွှတ်တော်ချင်း ဆက်ဆံရေးနှင့်ပတ်သက်၍လည်း ဗီယက်နမ်အမျိုးသားလွှတ်တော်နှင့် မြန်မာပြည်သူ့လွှတ်တော်တို့အကြား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးတိုးမြှင့်နိုင်ရန် ပြည်သူ့လွှတ်တော်တွင် မြန်မာ-ဗီယက်နမ် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့ ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ လွှတ်တော်အချင်းချင်း ထိတွေ့ဆက်ဆံရေး၊ လွှတ်တော်ကော်မတီချင်း ဆက်ဆံရေးအပြင် လူငယ်၊ အမျိုးသမီးနှင့် နည်းပညာကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ဦးခင်ရီက ပြောကြားသည်။
မြန်မာနိုင်ငံသည် အာဆီယံပါလီမန်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (AIPO) စတင်ဖွဲ့စည်းစဉ်ကတည်းက ပါဝင်ခဲ့ပြီး ယခု အာဆီယံပါလီမန်များညီလာခံ (AIPA) တွင်လည်း အဖွဲ့ဝင်အဖြစ် ဆက်လက်တည်ရှိကြောင်း၊ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) တွင်လည်း အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ပြောကြားသည်။
ထို့ကြောင့် အာဆီယံပါလီမန်များညီလာခံ၊ နိုင်ငံတကာပါလီမန်များအဖွဲ့နှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ဗီယက်နမ်အမျိုးသားလွှတ်တော်နှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ဦးခင်ရီက ပြောကြားသည်။
ထို့အပြင် ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်ပါတီသည် နိုင်ငံပေါင်းများစွာနှင့် ကောင်းမွန်သည့် ဆက်ဆံရေးများရှိသည်ကို သိရှိကြောင်းနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့်လည်း ဗီယက်နမ်ကွန်မြူနစ်ပါတီနှင့် ဆက်ဆံရေးများကို ပိုမိုတိုးမြှင့်ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Le Hoai Trung ကလည်း မြန်မာနှင့်ဗီယက်နမ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသည့် သံတမန်ဆက်ဆံရေးသည် ကာလရှည်ကြာခဲ့ပြီဖြစ်ကြောင်း၊ သံတမန်ဆက်ဆံရေး ကြာမြင့်လာသည်နှင့်အမျှ အစိုးရအချင်းချင်း၊ ပြည်သူအချင်းချင်းနှင့် လွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးမြှင့်နိုင်ရေး ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဗီယက်နမ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားလိုက်နာပြီး ဆယ်စုနှစ်များစွာ လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ ပကတိအခြေအနေများကိုလည်း နားလည်ကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။
မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး အစိုးရနှင့် လွှတ်တော်များ ဖွဲ့စည်းပေါ်ပေါက်လာမှုအပေါ် ဂုဏ်ယူဝမ်းမြောက်မိကြောင်းလည်း ၎င်းက ပြောကြားသည်။
ဗီယက်နမ်နိုင်ငံအနေဖြင့်လည်း အခက်အခဲများစွာကို ဖြတ်ကျော်ခဲ့ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းခဲ့ကြောင်း၊ ဗီယက်နမ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သည့် အစီအမံများနှင့် အတွေ့အကြုံများကို မြန်မာနိုင်ငံနှင့် မျှဝေသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် ရောက်ရှိနေထိုင်သည့် ဗီယက်နမ်နိုင်ငံသားများကို ကူညီစောင့်ရှောက်ပေးစေလိုကြောင်း၊ နှစ်နိုင်ငံလွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့များ ဖွဲ့စည်းပြီး လူငယ်၊ အမျိုးသမီးနှင့် နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။
ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအား နှုတ်ခွန်းဆက်သကြောင်း အသိပေးခဲ့ပြီး လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်ရေးအတွက် အနာဂတ်တွင် ဖိတ်ကြားတွေ့ဆုံသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဗီယက်နမ်နိုင်ငံအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံအပေါ် အစဉ်အမြဲထောက်ခံသွားမည်ဖြစ်ပြီး အာဆီယံပါလီမန်များညီလာခံ (AIPA) နှင့် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) တို့တွင်လည်း မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးတေဇကျော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာပွင့်ဆန်း၊ ပြည်သူ့လွှတ်တော် မြန်မာ-ဗီယက်နမ် လွှတ်တော်ချင်းချစ်ကြည်ရင်းနှီးရေးအဖွဲ့ဝင် ဒေါ်မြင့်သန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး H.E. Mr. Nguyen Anh Duc နှင့် ဗီယက်နမ်သံရုံးမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။
#PAN