
(မှုခင်း) ဩဂုတ် ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် စစ်ဆေးရန် ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသည့် တိုယိုတာခရောင်းယာဉ်တစ်စီးကို ပိတ်ဆို့ဖမ်းဆီးစစ်ဆေးရာ ကတ်တမင်းနှင့် အိုက်စ်မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဩဂုတ် ၂၄ ရက် ည ၉ နာရီအချိန်ခန့်တွင် ဆန်ဆိုင်း(ခ)ရပ်ကွက်၌ ပိတ်ဆို့စစ်ဆေးရေးပြုလုပ်နေစဉ် အဆိုပါယာဉ်အား ရပ်တန့်စစ်ဆေးရန် အချက်ပြခဲ့သော်လည်း ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးခဲ့သဖြင့် လိုက်လံပိတ်ဆို့ဖမ်းဆီးခဲ့ကြောင်း ကြောင်း သိရသည်။
အဆိုပါထွက်ပြေးသည့်ယာဉ်အား ဆန်ဆိုင်း ၅ လမ်းနှင့် လမ်းသွယ် ၃ လမ်းဆုံ၌ ပိတ်ဆို့ဖမ်းဆီးရာ ယာဉ်မောင်း နန်းဝေနှင့် ယာဉ်ပေါ်လိုက်ပါလာသူ ငြိမ်းချမ်းဖြိုးတို့ကို ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက်ယာဉ်အတွင်း ရှာဖွေစစ်ဆေးရာ အလေးချိန် ၄၀ ကီလိုခန့်ရှိ ကတ်တမင်း ဆာလာအိတ် ၂ အိတ်နှင့် အလေးချိန် ၉၇ ကီလိုခန့်ရှိ အိုက်စ် ဆာလာအိတ် ၅ အိတ်၊ စုစုပေါင်း ကျပ်သိန်း ၁၁,၈၄၅ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ နန်းဝေနှင့် ငြိမ်းချမ်းဖြိုးတို့အား မူးယစ်ဆေးဝါးဆိုင်ရာ ပုဒ်မများဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။