ရန်ကုန် -မန္တလေးအမြန်လမ်းမတွင် ယာဥ်တစ်စီး တိမ်းမှောင်မှုဖြစ်ပွားခဲ့ရာ ၄ဦး သေဆုံး

(မှုခင်း) သြဂုတ် ၂၆

ရန်ကုန် -မန္တလေးအမြန်လမ်းမတွင် ယာဥ်တစ်စီး တိမ်းမှောင်မှုဖြစ်ပွားခဲ့ရာ ၄ဦး သေဆုံးကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။

သြဂုတ်လ ၂၆ရက် မွန်းလွဲ၂နာရီ၅၀မိနစ်အချိန်က ရန်ကုန် -မန္တလေးအမြန်လမ်းမ၊မိုင်တိုင်၂၆၇/၅-၂၆၇/၆အကြား၊ ရခိုင်တပ်တံတား မ​ရောက်မီတွင် နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့်ယာဉ်မောင်းအပါအဝင် အမျိုးသား၂ဦး၊အမျိုးသမီး ၅ဦး စုစုပေါင်း (၇)ဦး လိုက်ပါလာသည့် RLG နံပတ် Nissan X-TRAIL ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တံတားအဝင်တွင်ကာရံထားသောကွန်ကရစ်နံရံအား တိုက်မိပြီး လမ်းလယ်ကျွန်းတွင် တိမ်းမှောက်ခဲ့သည်။

အဆိုပါ ယာဥ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအမျိုးသား ၁ဦး နှင့် အမျိုးသမီး ၃ဦး၊ စုစု​ပေါင်း ၄ဦးမှာအခင်းဖြစ်ပွားသည့် နေရာတွင် သေဆုံးခဲ့ပြီး ကျန်အမျိုးသား ၁ဦးနှင့် အမျိုးသမီး ၂ဦးမှာ ထိခိုက်ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

အမြန်လမ်းအသုံးပြုသည့် ယာဉ်မောင်းများ အနေဖြင့် မိမိယာဉ်၏ ကြံ့ခိုင်မှုအား လမ်းပေါ်မရောက်မီ သေချာစွာ စစ်ဆေးကြရန်လိုအပ်ပြီး ယာဉ်အမျိုးအစား အလိုက် သတ်မှတ်အမြန်နှုန်းထက် ပိုမမောင်းကြပါရန်၊ မှန်လုံခရီးသည် တင်ယာဥ်ကြီးများ 90 km/hr၊ လူစီးယာဥ်ငယ်များမှာ 100 km/hr ၊ ကုန်တင်ယာဥ်+ပစ်ကပ်ယာဥ်များ မှာ 60km/hr နှုန်းသာ အများဆုံးမောင်းနှင်ကြပါရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။

Telegram – t.me/positiveanglenews

#PAN