မြောင်းမြမြို့နယ် ပကိတ်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွား နေအိမ် (၂၆) လုံး ပျက်စီး

(မှုခင်း) ဧပြီ ၂၈

မြောင်းမြမြို့နယ်၊ လူတော်ကျေးရွာအုပ်စု ပကိတ်ကျေးရွာတွင် ဧပြီလ ၂၇ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းရရှိပြီးနောက် မြောင်းမြခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းနိုင်ဦး ဦးစီး၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မြောင်းမြမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း (၂၆) ဦးခန့်သည် မီးငြိမ်းသတ်ယာဉ် (၂) စီးနှင့် အပေါ့စားမီးသတ်စက်များဖြင့် သွားရောက် ငြိမ်းသတ်ခဲ့ကြသည်။

မီးလောင်မှုကို နံနက် ၆ နာရီ ၁၅ မိနစ်တွင် ထိန်းနိုင်ခဲ့ပြီး ၆ နာရီ ၂၅ မိနစ်တွင် အပြီးအပိုင် ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် လူနေအိမ် (၂၆) လုံးနှင့် ဂိုဒေါင် (၂) လုံး မီးလောင်ပျက်စီးခဲ့ပြီး စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် (၃၇,၆၃၈,၇၅၀) ခန့် ရှိကြောင်း သိရသည်။ မီးလောင်မှုဖြစ်ပွားရာတွင် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။

မီးလောင်မှုအကြောင်းရင်းမှာ ထင်းမီးဖိုမှ မီးကြွင်းမီးကျန်များမှတစ်ဆင့် အကာပျဉ်သို့ မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

မီးလောင်မှုကြောင့် ဒုက္ခသည်အိမ်ထောင်စု (၂၆) စုမှ လူဦးရေ (၆၆) ဦးကို နီးစပ်ရာ ဆွေမျိုးများ၏ နေအိမ်များတွင် ယာယီနေရာချထားပေးထားကြောင်း သိရသည်။

ထို့ပြင် မီးစတင်လောင်ကျွမ်းရာ နေအိမ်ပိုင်ရှင် ဒေါ်မြင့်မြင့်ပြုံး (၆၃ နှစ်) ကို သက်ဆိုင်ရာ ရဲစခန်းမှ ပုဒ်မ (၂၈၅) ဖြင့် အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။