ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာ အချိန်မှီ ဖြန့်ဖြူးနိုင်ရေး ပြည်ထောင်စုဝန်ကြီး မှာကြား

(ပြည်တွင်း) ဧပြီ ၂၈

စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများကို ဈေးနှုန်းသက်သာစွာဖြန့်ဖြူးရောင်းချနိုင်ရေးနှင့် ၂၀၂၆–၂၀၂၇ ဘဏ္ဍာနှစ် မိုးစပါးစိုက်ရာသီတွင် အချိန်မီရရှိစေရေးဆိုင်ရာအစည်းအဝေးကို ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ဒုတိယဝန်ကြီးများနှင့် စိုက်ပျိုးရေးသွင်းအားစုကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သမ္မတ၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေး လမ်းညွှန်မှာကြားချက်နှင့်အညီ ကျေးလက်နေပြည်သူများ အဓိကလုပ်ကိုင်နေကြသည့် စိုက်ပျိုးမွေးမြူ ရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ခြင်းဖြင့် မိသားစုဝင်ငွေတိုးကာ လူမှုစီးပွားဘဝများ မြင့်မား တိုးတက်လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရေး၊ ရည်ညွှန်းဈေးနှုန်းများ လစဉ်ထုတ်ပြန်ပေးလျက်ရှိသဖြင့် သိုလှောင်ဈေးကစားခြင်းများ မရှိစေရေးနှင့် သွင်းအားစုများ၏ အရည်အသွေး သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ အချိန်မီရရှိရေး၊ ထိုက်သင့်သော သက်သာသည့် ဈေးနှုန်းဖြစ်စေရေးကို တာဝန်ရှိသူအားလုံး ဝိုင်းဝန်းထိန်းသိမ်း ကြပ်မတ် သွားကြရန် တိုက်တွန်း မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူက စိုက်ပျိုးရေးသွင်းအားစုများ တင်သွင်း၊ ဖြန့်ဖြူးရောင်းချနေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်အဖွဲ့သည် ကျောက်ဆည်မြို့၊ မြို့တော်ခန်းမတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာ(၈)ရွာမှ နွေစပါးစိုက်တောင်သူများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက သမဝါယမစနစ်ကို မဏ္ဍိုင်ပြု၍ သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ စုပေါင်းအားဖြင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်အောင် ဆောင်ရွက်နေပါ ကြောင်း၊ စိုက်ပျိုးရေး ထုတ်လုပ်မှု တိုးတက်ရေးသည် သွင်းအားစုများသုံးစွဲရန် လိုအပ်ပါကြောင်း၊ စနစ်ကျတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖြစ်စေရန်အတွက် လိုအပ်သည့် နည်းပညာများကို သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ သက်ဆိုင်ရာတောင်သူများ အနေဖြင့်လည်း စည်းစည်းလုံးလုံးညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ကြားခဲ့သည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က မန္တလေးတိုင်းဒေသကြီး အတွင်း စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေနေများကို ရှင်းလင်းဆွေးနွေးပြောကြားပြီးနောက် ဒေသခံတောင်သူများမှ လိုအပ်ချက်များကို တင်ပြကြရာ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာ (၈) ရွာမှ နွေစပါးစိုက်တောင်သူများအား ဓာတ်မြေဩဇာ သွင်းအားစုများ ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။