(မှုခင်း) နိုဝင်ဘာ ၁၀
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပေါင်းလောင်းချောင်းကူးတံတားပေါ်တွင် သုံးဘီးယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းအပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၁၀ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က ပေါင်းလောင်းချောင်းအရှေ့ဘက်ကမ်း၊ ငပလီအပန်းဖြေစခန်းဘက်မှ ကျည်တောင်ကျေးရွာဘက်သို့ မောင်းနှင်လာသည့် NPW-16U/2184 QIJIAN အမျိုးအစား နီညိုရောင်သုံးဘီးယာဉ်သည် ပေါင်းလောင်းချောင်းကူးတံတားအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဘယ်ဘက်ရှိ လမ်းနယ်တိုင်ကို ဝင်တိုက်ပြီး တံတားဘယ်ဘက်ခြမ်းသို့ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါယာဉ်ကို စည်ပင်ကြီးကျေးရွာမှ ယာဉ်မောင်း ဇော်လှိုင်ဌေး၊ အသက် ၂၈ နှစ်က မောင်းနှင်လာခြင်းဖြစ်ပြီး ယာဉ်ပေါ်တွင် ခရီးသည် ၈ ဦးခန့် လိုက်ပါလာကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဇော်လှိုင်ဌေးတွင် ဘယ်ဘက်ပေါင်ကျိုးဒဏ်ရာရရှိကာ သတိမေ့မြောနေပြီး စည်ပင်ကြီးကျေးရွာနေသူမျာဖြစ်သည့် ကိုငယ်၊ အသက် ၅၅ နှစ်မှာလည်း သတိလစ်၍ စကားမေးမရသည့် စိုးရိမ်ရဒဏ်ရာများ ရရှိခဲ့သည်။
ထို့ပြင် ဝေလင်းဦး၊ အသက် ၁၄ နှစ်တွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ ဝင်းရွှေ၊ အသက် ၅၀ နှစ်တွင် ခါးနာဒဏ်ရာနှင့် မျိုးကို၊ အသက် ၃၅ နှစ်တွင် ဘယ်ဘက်လက်ပွန်းဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူများကို လူမှုဂရုဏာရှင်အသင်းမှ မော်တော်ယာဉ် ၃ စီးဖြင့် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် သုံးဘီးယာဉ်၏ အရှေ့ပိုင်း ကြေမွပျက်စီးခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာက ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN