မွန်ပြည်နယ်လွှတ်တော်တွင် ကော်မတီညှိနှိုင်းအစည်းအဝေးများ ကျင်းပ

(ပြည်တွင်း) ဧပြီ ၂၈

မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအစည်းအဝေးနှင့် ပြည်နယ်အစိုးရ၏ အာမခံချက်များ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီတို့၏ အစည်းအဝေးများကို ယနေ့ နံနက်ပိုင်းတွင် သီးခြားစီကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးသက်ထွေး၊ ဒုတိယ ဥက္ကဋ္ဌ ဦးမင်းအောင်မြင့်၊ သက်ဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ကြကြောင်း သိရသည်။

တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအစည်းအဝေးကို နံနက် ၁၁ နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော် ရေးရာကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီနှင့်ပတ်သက်သည့် ကိစ္စရပ်များကိုဆွေးနွေးကြပြီး နံနက် ၁၁ နာရီခွဲတွင် ပြည်နယ်အစိုးရ၏ အာမခံချက်များ ကတိများနမှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ရေးရာကော်မတီခန်းမတွင်ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရ၏ အာမခံချက်များ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီမိတ်ဆက်ခြင်းနှင့် ရှေ့ဆက်မည့်လုပ်ငန်းစဉ်များအားဆွေးနွေးခဲ့ကြကြောင်း သိရသည်။