(မှုခင်း) နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ နောင်ဝူးကျေးရွာအနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၅ ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကျေးသီးမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ပြုလုပ်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က စုံစမ်းရှာဖွေမှုများ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၉ ရက်၊ မွန်းလွဲ ၂ နာရီခန့်တွင် နောင်ဝူးကျေးရွာ၏ တောင်ဘက် မီတာ ၂၅၀၀ ခန့်အကွာ၌ အဆိုပါလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၅ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိသူများထံမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ရာတွင် အသုံးပြုသည့် ယာယီတဲ ၄ လုံး၊ ရေကန် ၁ ကန်၊ မီးစက် ၁ လုံး၊ Freezer ၁ လုံး၊ ပန်ကာ ၂ လုံး၊ Router ၆ လုံး၊ All-in-One ကွန်ပျူတာ ၂ လုံး၊ Starlink စက် ၂ လုံးနှင့် ဖုန်းအမျိုးအစားစုံ ၄၀ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများကို လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးနောက် တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကာ သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN