
(ပြည်တွင်း) ဧပြီ ၂၈
ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန် (၂) အတွင်းရှိ အလုပ်သမားဝန်ကြီးဌာန လက်အောက်ခံ ကျွမ်းကျင်မှုသင်တန်းကျောင်းသို့ ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များက ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် သွားရောက်ကွင်းဆင်း တွေ့ဆုံခဲ့ကြောင်း သိရသည်။
ကွင်းဆင်းခရီးစဉ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဦးသိန်းလွင်နှင့် ဦးတင်ထွန်းတို့ ပါဝင်ခဲ့ကြပြီး သင်တန်းကျောင်းမှ ဒုတိယညွှန်ကြားရေးမှူး/ကျောင်းအုပ်ကြီး ဒေါ်ခင်မာလွင်၊ နည်းပြအရာရှိ ဒေါ်စီစီမော်နှင့် ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံရာတွင် ကျွမ်းကျင်မှုသင်တန်းကျောင်းအုပ်ကြီး ဒေါ်ခင်မာလွင်က အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်အတွင်း အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များက သိရှိလိုသည့် အချက်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်မှ သင်တန်းကျောင်းအတွင်း သင်ကြားနေသည့် ကျွမ်းကျင်မှုဘာသာရပ်အလိုက် သင်ကြားမှုနေရာများကို လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။