မော်လိုက်မြို့နယ်တွင် မူလတန်းကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး လွှတ်တော်ကိုယ်စားလှယ် ကွင်းဆင်းဆောင်ရွက်

(ပြည်တွင်း) ဧပြီ ၂၈

မော်လိုက်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဇော်သည် ဒေသဖွံ့ဖြိုးရေးနှင့် ပညာရေးကဏ္ဍဆိုင်ရာ ကိစ္စရပ်များအတွက် ဧပြီ ၂၆ ရက်နေ့က ကွင်းဆင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးမင်းဇော်သည် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းဦး၊ မြို့နယ်ဥပဒေအရာရှိနှင့် မြို့နယ်ပညာရေးမှူး ဦးမြင့်ထွန်းတို့နှင့်အတူ ကင်းတပ်၊ ရှားပင်၊ မော်လိုက်ကလေး၊ တိန်းသာနှင့် အိုးဘိုကျေးရွာများသို့ သွားရောက်ခဲ့သည်။

ကွင်းဆင်းခရီးစဉ်အတွင်း ကင်းတပ် အထက်တန်းကျောင်းနှင့် ရှားပင် မူလတန်းကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးကိစ္စများကို ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ခန့်အပ်နိုင်ရေးအတွက်လည်း ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ထို့အပြင် လွှတ်တော်အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာပြည်သူများ၏ တင်ပြချက်များကို မှတ်တမ်းတင်ကာ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။