မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ကန်တော်ကျေးရွာမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

(ပြည်တွင်း) ဧပြီ ၂၈

မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးသည် ယနေ့ နံနက် ၈ နာရီအချိန်တွင် မကွေးမြို့နယ်၊ ကန်တော်ကျေးရွာသို့သွားရောက်၍ ဒေသခံပြည်သူများနှင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ဒေသခံပြည်သူများ၏ လိုအပ်ချက်များနှင့် တင်ပြချက်များကို နားထောင်ကာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌမှ ကန်တော်ကျေးရွာအတွင်း ချောင်းရေတိုက်စားမှုကြောင့် ရေချိုစမ်းတွင်း ပျက်စီးနိုင်မည့် အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေကာတာ တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့သည်။

ထို့ပြင် ကျေးရွာစာသင်ကျောင်း အဆောက်အအုံ ပြိုကျပျက်စီးနေမှုအား ကြည့်ရှုစစ်ဆေးကာ အစားထိုး နှစ်ထပ်ဆောင် ဆောက်လုပ်နိုင်ရန် နေရာရွေးချယ်မှုအား စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ကန်တော်ကျေးရွာ ရွာဦးကျောင်း ဆရာတော်နှင့် ဇေယျာစမ်းကျေးရွာ ဆရာတော်တို့ထံ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဓမ္မစကူး ကျောင်းသူကျောင်းသားများနှင့် ဆရာမများကိုလည်း တွေ့ဆုံကာ အလှူငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။