ကျောက်ဆည်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်ပေးအပ်ခြင်း အခမ်းအနားကျင်းပ

(ပြည်တွင်း) ဧပြီ ၂၈

ကျောက်ဆည်မြို့နယ်၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန(မြဘုရင်ပန်းခြံ) အစည်းအဝေးခန်းမ၌ ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် လုပ်ငန်းတာဝန်များ ပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးစိုးထွန်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ စုစုပေါင်း (၆၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

အစီအစဉ်အရ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်မိုးခိုင်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် တာဝန်ပေးအပ်ခြင်းများကို ဆက်လက်ပြုလုပ်ခဲ့ရာ ကျောက်ဆည်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက် ထိုက်ဇော်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနသို့ တာဝန်ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးစိုးထွန်းက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား မြို့နယ်မြေစာရင်းဦးစီးဌာနသို့ တာဝန်ပေးအပ်ပြီး ကျောက်ဆည်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှုးနိုင်ဦးကိုက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအား မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ တာဝန်ပေးအပ်ခဲ့သည်။

ထို့အပြင် ကျောက်ဆည်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော် မတီအတွင်းရေးမှုး ရဲမှုးကျော်စိုးမိုးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ တာဝန်ပေးအပ်ပြီး ကျောက်ဆည်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် မြို့နယ်စီမံကိန်းဦးစီးမှုး ဒေါ်မိုးခိုင်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား မြို့နယ်လမ်းဦးစီးဌာနသို့ တာဝန်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် မွန်းလွဲ ၂ နာရီအချိန်တွင် ကျောက်ဆည်မြို့တော်ခန်းမ၌ နွေစပါးစိုက်တောင်သူများနှင့် တွေ့ဆုံပွဲနှင့် သွင်းအားစုများ ပေးအပ်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိန်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးလှမျိုး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တောင်သူများ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် နွေစပါးစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ သွင်းအားစုထောက်ပံ့ပေးအပ်ရေးနှင့် တောင်သူများ၏ လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။