(မှုခင်း) ဧပြီ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများပြုလုပ်နေသည့် တရုတ်နိုင်ငံသား ၂ ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အွန်လိုင်းလိမ်လည်လောင်းကစားမှုများပပျောက်စေရေးစအတွက် ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုများအပေါ် အခြေခံကာ လုံခြုံရေးပူးပေါင်းအဖွဲ့များမှ စုံစမ်းရှာဖွေမှုများ ပြုလုပ်လျက်ရှိပြီး ဧပြီလ ၄ ရက်နေ့တွင် အရှေ့မြောက်ဘက်မီတာ ၂၅၀၀၀ ခန့်အကွာ ကောင်းဆန်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုနှင့် ဆက်နွယ်သူများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် နေရာများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဧပြီလ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ယမန်နေ့က ဖမ်းဆီးရမိခဲ့သည့် နေရာမှ မြောက်ဘက်မီတာ ၁၂၀၀ ခန့်အကွာရှိ ဒေသတစ်ခုတွင် အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၂ ဦးကို ထပ်မံတွေ့ရှိဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ရာတွင် ပါဝင်သည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးအတွက် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN