(ပြည်တွင်း) ဧပြီ ၆
တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ယနေ့ နံနက် ၁၀ နာရီတွင် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ဝန်ကြီးချုပ်ခန့်အပ်ရေးနှင့် အစိုးရဝန်ကြီးဌာနဖွဲ့စည်းနိုင်ရေးအတွက် အစီအစဉ်များအတိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၂၀ ဦး၊ ကရင်တိုင်းရင်းသားကိုယ်စားလှယ် ၁ ဦး၊ တပ်မတော်သားကိုယ်စားလှယ် ၇ ဦး စုစုပေါင်း ၂၈ ဦး တက်ရောက်ခဲ့ကြသည်။
ရှေ့ဦးစွာ ပြည်ထောင်စုလွှတ်တော်နာယကမှ ပေးပို့လာသော ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးမြတ်ကိုမှဖတ်ကြားမှတ်တမ်းတင်ခဲ့ပြီးနောက် နိုင်ငံတော် သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခြင်းခံရသူက တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် အမည်စာရင်းတင်သွင်းလာသည့် မြိတ်မြို့နယ်ကိုယ်စားလှယ် ဦးဇော်နိုင်ဦးအား လွှတ်တော်၏ သဘောတူညီချက် ရယူအတည်ပြုခဲ့သည်။
ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၈ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ် (၁) အရ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဖွဲ့စည်းရာတွင် လိုအပ်သည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ လူမှုရေးရာဝန်ကြီးဌာန၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စည်ပင်သာယာရေးဝန်ကြီးဌာန ၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာနစသည့် ဝန်ကြီးဌာန (၈) ခုနှင့် ဝန်ကြီး (၈) ဦး၊ တိုင်းဒေသကြီးတရားလွှတ်တော်အတွက် တရားသူကြီးချုပ်အပါအဝင် တရားသူကြီး (၃) ဦး သတ်မှတ်ပေးနိုင်ရန် အဆိုပြုလာမှုအပေါ် လွှတ်တော်၏ အဆုံးအဖြတ်ဖြင့် ဆောင်ရွက်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (ဒုတိယနေ့) အစီအစဉ်များ နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် ပြီးစီးခဲ့ပြီး တတိယနေ့အစည်းအဝေးကို ဧပြီ ၇ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။



#PAN