သင်္ကြန်အကျနေ့တွင် ရခိုင်ဝန်ကြီးချုပ် ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းလှူဒါန်း

(ပြည်တွင်း) ဧပြီ ၁၅

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် သင်္ကြန်အကျနေ့ ယမန်နေ့ နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဦးစွာ ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် စစ်တွေမြို့ရှိ နန္ဒာရာမပရိယတ္တိစာသင်တိုက်သို့ သွားရောက်ပြီး ပြည်နယ်ဩဝါဒါစရိယ၊ နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္နသိရီ ဆရာတော်ကြီးအား ဖူးမြော်၍ သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် ရွှေစေတီဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ရှေးဟောင်းသမိုင်းဝင် မဟာကျန်ရုပ်ရှင်တော်မြတ်အား ဖူးမြော်ကြည်ညိုကာ ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်းနှင့် ဆီမီးများ ကပ်လှူပူဇော်ခဲ့ကြသည်။

ဆက်လက်၍ ဆရာတော်အား ဖူးမြော်ကာ ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့သည်။အလားတူ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများလည်း စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဆရာတော်ကြီးများအား ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့ပြင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သင်္ကြန်အကျနေ့မှ အတက်နေ့အထိ နေ့စဉ် ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ညနေပိုင်းတွင် ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် စစ်တွေမြို့ရှိ ဗဟိုမဏ္ဍပ်သို့ သွားရောက်ကာ သင်္ကြန်ယိမ်းအကအဖွဲ့များ၊ ရခိုင်အဆိုတော်များနှင့် တေးသံရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့အပြင် ရခိုင်ရိုးရာရေကစားမဏ္ဍပ်တွင် လောင်းလှေများဖြင့် ရိုးရာစဉ်လာအတိုင်း ရေကစားနေမှုများကို ကြည့်ရှုအားပေးပြီး ယိမ်းအဖွဲ့များနှင့်အတူ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ထို့နောက် လမ်းမကြီးရှိ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်သို့ သွားရောက်၍ ပြည်သူများနှင့်အတူ သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။