မွန်ပြည်နယ်တွင် စက်သုံးဆီဖြန့်ဖြူးမှု ဆက်လက်တိုးမြှင့်၊ သင်္ကြန်ကာလအတွင်း ပြတ်တောက်မှုမရှိစေရန် ဆောင်ရွက်

(ပြည်တွင်း) ဧပြီ ၁၅

မွန်ပြည်နယ်တွင် စက်သုံးဆီလုံလောက်စွာ ဖြန့်ဖြူးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဂတုံးပေါ်ဆိပ်ကမ်းသို့ စက်သုံးဆီတင်သင်္ဘောများ ဆက်လက်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ဧပြီ ၁၁ ရက် နံနက် ၁၀ နာရီခန့်တွင် စင်ကာပူနိုင်ငံမှ စက်သုံးဆီများ တင်ဆောင်လာသော သင်္ဘောတစ်စင်းသည် မွန်ပြည်နယ် ဂတုံးပေါ်ဆိပ်ကမ်းသို့ ဝင်ရောက်ဆိုက်ကပ်ခဲ့ပြီး 92 Ron ဓာတ်ဆီ တန် ၆,၀၀၀ ကျော်နှင့် 95 Ron ဓာတ်ဆီ တန် ၁,၅၀၀ ကျော် တင်ဆောင်လာခဲ့သည်ဟု သိရသည်။

အဆိုပါ စက်သုံးဆီများကို မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးသို့ ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ပြီး သင်္ကြန်ကာလအတွင်း ဓာတ်ဆီနှင့် ဒီဇယ်များ ပြတ်တောက်မှု မရှိစေရန် အထူးအလေးပေး ဆောင်ရွက်နေကြောင်း သိရပြီး ထို့အပြင် ဂတုံးပေါ်ဆိပ်ကမ်းမှ စက်သုံးဆီဆိုင်များသို့ ပိတ်ရက်မရှိ ဖြန့်ဝေသွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။

PO-027 အရ ဧပြီ ၁၀ ရက်မှ ၁၆ ရက်အထိ စုစုပေါင်း ဆိုင်အရေအတွက် ၁၆၇ ဆိုင်ရှိရာ ၁၄၆ ဆိုင်မှ Demand တင်ထားပြီး ၁၁၉ ဆိုင်တွင် ဆီထုတ်ယူပြီးဖြစ်ပြီး ကျန် ၂၇ ဆိုင်မှာ Terminal တွင် ဆီထုတ်ယူရန် စောင့်ဆိုင်းလျက်ရှိပြီး Demand မတင်ရသေးသော ဆိုင် ၂၁ ဆိုင်မှာ ငွေသွင်းပြီး ဆီတင်ယာဉ်များ စီစဉ်နေကြောင်း သိရသည်။

ထို့ပြင် ဧပြီ ၁၁ ရက်နေ့တွင် Terminal မှ 92 Ron ဓာတ်ဆီကို အမြောက်အများ ထုတ်ပေးခဲ့ပြီး ဖြစ်သဖြင့် ညပိုင်းတွင် သင်္ဘောမှ ဆီကန်သို့ ဆီတင်ခြင်းကို စတင်ခဲ့‌‌ကြောင်းသိရပြီး ဆီတင်ရာတွင် ၂၄ နာရီခန့် ကြာမြင့်နိုင်သဖြင့် ဧပြီ ၁၂ ရက်နေ့တွင် 92 Ron ဆီ ဖြန့်ဖြူးမှုကို ယာယီ ရပ်နားထားရပြီး ဧပြီ ၁၃ ရက် နံနက်ပိုင်းတွင် ပြန်လည်ဖြန့်ဖြူးနိုင်ခဲ့ကြောင်း သိရသည်။

စက်သုံးဆီဈေးကွက်အတွင်း အချို့ ဆီဆိုင်များတွင် ဝန်ဆောင်မှုကို နှောင့်နှေးစေရန် အတုအယောင်ရှားပါးမှု (Artificial Scarcity) ဖန်တီးခြင်းများ ဖြစ်ပေါ်နေပြီး မှောင်ခိုဈေးကွက်ကို အားပေးနေကြောင်း ဝေဖန်ချက်များ ထွက်ပေါ်နေပြီး အချို့ဆိုင်များတွင် ပန့်များ အများအပြားရှိသော်လည်း တစ်ချိန်တည်းတွင် တစ်ပန့်သာ အသုံးပြု၍ ဖြည့်ပေးခြင်း၊ ဖွင့်ချိန်နောက်ကျခြင်း၊ညပိုင်းတွင် ဆီများကို ပုန်းခိုရောင်းချခြင်း၊ အချို့နေရာများတွင် ဈေးနှုန်းမြင့်ဖြင့် ပြန်လည်ရောင်းချနေခြင်း၊ စောပိတ်ခြင်းနှင့် ကြာရှည်နားခြင်းများကြောင့် ယာဉ်တန်းများ ရှည်လျားလာပြီး ပြည်သူများ အဆင်မပြေမှုများ ကြုံတွေ့နေရကြောင်း သိရသည်။အဆိုပါ ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် ရုတ်တရက် စစ်ဆေးမှုများ (Surprise Checks) ပြုလုပ်ရန် CCTV နှင့် Real-time စနစ်များဖြင့် နည်းပညာအသုံးပြု စောင့်ကြည့်ရန် ပြည်သူများ၏ တိုင်ကြားမှု ယန္တရားကို လွယ်ကူထိရောက်စေရန် ဆီဖြည့်စနစ်များကို တစ်ပြေးညီ စံသတ်မှတ်ရန် မှောင်ခိုဈေးကွက်၏ အရင်းအမြစ်များကို စုံစမ်းဖော်ထုတ်၍ ထိရောက်စွာ အရေးယူရန် လိုအပ်ကြောင်း ပြည်သူများမှ ထောက်ပြထားသည်။