ပစိဖိတ်သမုဒ္ဒရာအတွင်း အမေရိကန်ရဲ့ တိုက်ခိုက်မှုကြောင့် လူ ၄ ဦး ထပ်မံသေဆုံး

(နိုင်ငံတကာ) ဧပြီ ၁၅

     ​အမေရိကန်စစ်တပ်သည် ပစိဖိတ်သမုဒ္ဒရာအရှေ့ပိုင်းရှိ ရေယာဉ်တစ်စင်းကို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လူ ၄ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။ ယင်းသည် လွန်ခဲ့သည့် လေးရက်အတွင်း အဆိုပါဒေသ၌ အမေရိကန်တပ်ဖွဲ့များ၏ စတုတ္ထအကြိမ်မြောက် သေစေလောက်သည့် တိုက်ခိုက်မှု ဖြစ်သည်။

​    အမေရိကန် တောင်ပိုင်းစစ်ဌာနချုပ်(SOUTHCOM) က အင်္ဂါနေ့တွင် ထုတ်ပြန်သည့် ဗီဒီယိုမှတ်တမ်းအရ အပြင်စက်တပ်ထားသည့် စက်လှေတစ်စီးကို ဒုံးကျည်ဖြင့် ထိမှန်စေခဲ့ပြီး မီးလုံးကြီးအဖြစ် ပေါက်ကွဲသွားသည်ကို တွေ့ရသည်။ SOUTHCOM က သေဆုံးသူ ၄ ဦးကို “မူးယစ်အကြမ်းဖက်သမားများ” ဟု ခေါ်ဆိုခဲ့သော်လည်း ယင်းစွပ်စွဲချက်အတွက် ခိုင်လုံသော သက် သေအထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိသေးပေ။

​     အမေရိကန်သို့ မူးယစ်ဆေးဝါး မှောင်ခိုဝင်ရောက်မှုကို တားဆီးရန် သမ္မတ ဒေါ်နယ်ထရန့်က အမိန့်ပေးခဲ့သည့် စက်တင်ဘာလအစောပိုင်းမှစတင်ကာ နိုင်ငံ တကာရေပိုင်နက်အတွင်း အမေရိကန်၏ တိုက်ခိုက်မှုများကြောင့် သေဆုံးသူ စုစုပေါင်း အနည်းဆုံး ၁၇၅ ဦးအထိ ရှိလာပြီဖြစ်သည်။ အင်္ဂါနေ့က တိုက်ခိုက်မှုမတိုင်မီ တနင်္လာနေ့ကလည်း ၂ ဦး သေဆုံးခဲ့ပြီး၊ စနေနေ့က တိုက်ခိုက်မှုနှစ်ခုတွင် ၅ ဦး သေဆုံးခဲ့သေးသည်။

​     နိုင်ငံတကာ ဥပဒေကျွမ်းကျင်သူများနှင့် လူ့အခွင့် အရေးအဖွဲ့များက အမေရိကန်၏ ယခုလုပ်ရပ်သည် နိုင်ငံတကာရေပိုင်နက်အတွင်း “တရားဥပဒေပြင်ပ သတ်ဖြတ်မှုများ”(Extrajudicial Killings) ဖြစ် ကြောင်းနှင့် အရပ်ဘက် ငါးဖမ်းလှေများကို ပစ်မှတ်ထားနေကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်နေကြသည်။

     မှောင်ခိုမှုတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိပါက တရားဥပဒေအရ အရေးယူရမည့်အစား ယခုကဲ့သို့ ဗုံးကြဲသတ်ဖြတ်နေခြင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ကြောင်း ထောက်ပြနေကြသည်။

     ထို့ပြင် အမေရိကန်တွင် အန္တရာယ်ဖြစ်စေသော ဖန်တနိုင်း(Fentanyl) ဆေးဝါးများသည် များသောအား ဖြင့် မက္ကဆီကိုနယ်စပ်မှတစ်ဆင့် ကုန်းလမ်းဖြင့် ဝင်ရောက်ခြင်းဖြစ်ရာ ယခုကဲ့သို့ ပင်လယ်ပြင်အတွင်း စစ်ရေးအရ တိုက်ခိုက်နေမှုမှာ ထိရောက်မှုရှိမရှိကိုလည်း ဝေဖန်သူများက မေးခွန်းထုတ်နေကြပါသည်။

​#USMilitary #PacificOcean #DrugWar #DonaldTrump #HumanRights #BreakingNews #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN