ပရိသတ်အမျိုးသမီးတဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တဲ့ မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင် ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေးငွေ ချမှတ်ခံရ

(ပြည်တွင်း)မတ် ၁၃

မတ်လ ၁၀ရက်နေ့က သန်လျင်၊ သီဟဒီပကွင်းမှာကျင်းပပြုလုပ်ခဲ့သည့် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်မှ ပွဲလာရောက်ကြည့်ရှုသူ ပရိတ်သတ်အမျိုးသမီးတဦးအား ပွဲကြည့်စင်ပေါ်တက်ပြီး ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သဖြင့် ပွဲပယ်နှင့် ဒဏ်ကြေးငွေများ ချမှတ်ခံရကြောင်း သိရသည်။

MFF စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီသည် မတ်လ ၁၂ ရက် နေ့လည်ပိုင်းတွင် အစည်းအဝေးပြုလုပ်၍ ရတနာပုံ-ရန်ကုန်ယူနိုက်တက်ပွဲစဉ် ရုပ်သံမှတ်တမ်းများအား ပြန်လည်ကြည့်ရှုခြင်း၊ ပြိုင်ပွဲကြီးကြပ်နှင့် မှတ်တမ်းပုံများအား ပြန်လည်လေ့လာသုံးသပ်ခြင်းများ ပြုလုပ်ကာ မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင် ၆ လ ပွဲပယ်နှင့် ဒဏ်ကြေး ကျပ်သိန်း ၃၀ ချမှတ်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသို့ ပွဲကြည့်စင်ပေါ်မှ လာရောက်ကြည့်ရှုအားပေးသည့် အမျိုးသမီးပရိသတ်တစ်ဦး (ယခင်က ဘောလုံးပြိုင်ပွဲများလာရောက်ကြည့်ရှုအားပေးရာတွင် ပြိုင်ပွဲကြည့်ရှုနေစဉ်တလျောက် အသင်းများမှနည်းပြ/ ကစားသမားအပါအဝင် ပရိသတ်၊ပြိုင်ပွဲတာဝန်ကျဝန်ထမ်းများအား ကြမ်းတမ်းစွာ အော်ဟစ်ပြောဆိုခဲ့သည့်အတွက် နိုင်ငံတကာဘောလုံးပြိုင်ပွဲများနှင့် ဖူဆယ်ပြိုင်ပွဲများတွင် ပွဲကြည့်ခွင့်ပိတ်ပင်ခြင်းခံခဲ့ရဖူးသူ) သည် ပြိုင်ပွဲကြည့်ရှုနေစဉ် ရန်ကုန်ယူနိုက်တက်အသင်းမှ ကစားသမားနာမည်တပ်၍ ဝေဖန်ပုတ်ခတ်အော်ဟစ်ဆဲဆိုနေခဲ့သဖြင့် ပထမပိုင်းပြိုင်ပွဲအပြီး ပွဲရပ်နားနေစဉ်အတွင်း ရန်ကုန်ယူနိုက်တက်အသင်းမှ ကျောနံပါတ် (၇၇) မောင်မောင်လွင်သည် ပွဲကြည့်စင်ပေါ်ပြေးတက်၍ အဆိုပါအမျိုးသမီးအား ကိုယ်ထိလက်ရောက် တွန်းထိုးခဲ့သည့်ဖြစ်စဉ်ဖြစ်ပေါ်ခဲ့ကြောင်း မြန်မာနေရှင်နယ်လိဂ် (MNL) က ယနေ့ (မတ်လ ၁၃ ရက်) တွင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဆုံဖြတ်ချက်ကြောင့် ကျောနံပါတ်(၇၇) မောင်မောင်လွင်သည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကျင်းပရေးမှ ကြီးမှူးကျင်းပသောပြိုင်ပွဲများ၊ ဘောလုံးနှင့်ပတ်သက်သော လှုပ်ရှားမှုများတွင် (၆)လအထိ ကစားခွင့်/ပါဝင်လုပ်ဆောင်ခွင့် ပိတ်ပင်ခံရသည့်အပြင် ဒဏ်ကြေးငွေကျပ်သိန်း(၃၀) ပေးဆောင်ရန် ချမှတ်ခဲ့သည်။

ထို့အတူ တာဝန်ကျဒိုင်လူကြီး ဦးကျော်ဇေယျာအောင်သည် ပထမပိုင်းအပြီး ရန်ကုန်ယူနိုက်တက်အသင်းမှ မောင်မောင်လွင် ကျောနံပါတ် (၇၇) ၏ ဖြစ်ရပ်အတွက် ဥပဒေအရ အနီကတ်ပြသခြင်းမရှိဘဲ ဘောလုံးဥပဒေစည်းမျဉ်းကို မျက်ကွယ်ပြုဆောင်ရွက်ခဲ့ခြင်းကြောင့် ၂၀၂၅-၂၆ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများတွင် အနီးစပ်ဆုံး (၃) ပွဲ ပါဝင်ကိုင်တွယ်ခြင်းမပြုရန် အလားတူ ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်ကြီးကြပ်တို့အနေဖြင့် ဒုတိယပိုင်းပြန်လည်မစတင်မီ ဥပဒေနှင့်အညီ ကွင်းလယ်ဒိုင်လူကြီးကို ဆောင်ရွက်ရန် သတိပေးခြင်းမရှိသဖြင့် ၂၀၂၅-၂၆ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများတွင် အနီးစပ်ဆုံး (၃) ပွဲ တာဝန်ချထားခြင်းမပြုရန် MFF စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီမှ ချမှတ်ခဲ့သည်။