

(နိုင်ငံတကာ) နိုဝင်ဘာ ၂၅
ဟောင်ကောင်ဒေသသို့ သွားရောက်မည့် သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသားများအတွက် ပြည်ဝင်ဗီဇာလျှောက်ထားမှု ပိုမိုလွယ်ကူမြန်ဆန်လာစေရေး မြန်မာကောင်စစ်ဝန်ချုပ်က ဟောင်ကောင်လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံမှုကို နိုဝင်ဘာ ၁၇ ရက်တွင် ဟောင်ကောင်လူဝင်မှုကြီးကြပ်ရေးဌာန၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဟောင်ကောင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဖူးပွင့်ကိုကိုနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရ လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူး Mr. KWOK Joon-fung, Benson တို့ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
တွေ့ဆုံဆွေးနွေးမှုအတွင်း မြန်မာနိုင်ငံနှင့် ဟောင်ကောင်ဒေသအကြား စီးပွားရေး၊ ပညာရေးနှင့် ခရီးသွားလာရေးကဏ္ဍများတွင် အပြန်အလှန်ဆက်သွယ်မှုများ ဆက်လက်တိုးတက်နေခြင်းကို နှစ်ဖက်အပြုသဘောဆောင် အသိအမှတ်ပြုခဲ့ကြသည်။
ထို့ပြင် ပြည်ဝင်ဗီဇာဆိုင်ရာ ကိစ္စရပ်များကို နှစ်ဖက်အကျိုးစီးပွားနှင့် အပြန်အလှန်အခြေခံမူများအပေါ် အခြေခံ၍ ဆောင်ရွက်နိုင်ရေး၊ သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သည့် မြန်မာနိုင်ငံသားများ၏ ဟောင်ကောင်ပြည်ဝင်ဗီဇာလျှောက်ထားမှုများကို ပိုမိုလွယ်ကူမြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်၍ ဟောင်ကောင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက နိုဝင်ဘာ ၂၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။