ဓာတ်မြေဩဇာဈေးနှုန်း မတည်ငြိမ်မှုကို ထိန်းညှိနိုင်ရေး သတ်မှတ်ဈေးထက် ပိုမိုရောင်းချခြင်းနှင့် ဈေးကစားခြင်းမပြုရန် တိုက်တွန်း

(စီးပွားရေး) နိုဝင်ဘာ ၂၅

စိုက်ပျိုးရေးသွင်းအားစုများကို တောင်သူများထံ သတ်မှတ်ဈေးနှုန်းဖြင့် အချိန်မီရောက်ရှိစေရေးနှင့် ဓာတ်မြေဩဇာဈေးကစားမှုများ မဖြစ်ပေါ်စေရေးအတွက် ကိုယ်စားလှယ်အရောင်းဆိုင်များကို ကြပ်မတ်ဆောင်ရွက်ရန်နှင့် Digital စနစ်ဖြင့် လက်ကျန်စာရင်းများ စီမံခန့်ခွဲရန် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းအား တိုက်တွန်းထားသည်။

အဆိုပါ တိုက်တွန်းချက်များကို နေပြည်တော်ရှိ Hotel Max ၏ Kumudra Grand Ballroom ၌ ယနေ့နံနက် ၉ နာရီက ကျင်းပသည့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း၏ နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးတွင် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြည်ပမှ ဓာတ်မြေဩဇာတင်သွင်းမှုအပေါ် မှီခိုမှုလျှော့ချနိုင်ရန် ပြည်တွင်းသဘာဝမြေဩဇာ ထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်ကြရန်လည်း တိုက်တွန်းခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ၂၀၂၆ ခုနှစ် နှစ်စပိုင်းတွင် ဖြစ်ပွားခဲ့သည့် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ယူရီးယားမြေဩဇာဈေးနှုန်း မြင့်တက်မတည်ငြိမ်မှုများ ဖြစ်ပေါ်ခဲ့သော်လည်း ကုမ္ပဏီများ စုပေါင်း၍ Consortium သမဝါယမစနစ် ဖွဲ့စည်းကာ အမြတ်မယူဘဲ စုပေါင်းဝယ်ယူဖြန့်ဖြူးပေးနိုင်ခဲ့မှုကို အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သည်။

ထို့အတူ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း ဟူသည့် အဓိကနည်းလမ်းလေးရပ်ကို စနစ်တကျ အကောင်အထည်ဖော်ရန် လိုအပ်ကြောင်းနှင့် စိုက်ပျိုးရာသီအမီ သွင်းအားစုများ တောင်သူများလက်ဝယ် ရောက်ရှိစေရေးတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ အခန်းကဏ္ဍမှာ အရေးပါကြောင်းလည်း ပြောကြားခဲ့သည်။

ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးသွင်းအားစုများ ဖြန့်ဖြူးရာတွင် အရည်အသွေးစံချိန်စံညွှန်း ပြည့်မီရေး၊ ဈေးနှုန်းမှန်ကန်မျှတရေးတို့ကို ဦးစားပေးပြီး ကိုယ်ကျိုးစီးပွားတစ်ခုတည်းကိုသာ ရှေးရှုခြင်းမပြုဘဲ အမျိုးသားအကျိုးစီးပွားနှင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ကြရန်လည်း မှာကြားခဲ့သည်။

အစည်းအဝေးတွင် နိုင်ငံတော်၊ အသင်းအဖွဲ့နှင့် တောင်သူလယ်သမားဟူသည့် မဏ္ဍိုင်သုံးရပ်အကြား အပြန်အလှန်အမှီသဟဲပြုကာ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ရေးကိုလည်း တိုက်တွန်းခဲ့ပြီး ဒုတိယဝန်ကြီးများ၊ အသင်းဥက္ကဋ္ဌ ဦးသတိုးဟိန်းနှင့် အသင်းဝင်ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Telegram – t.me/positiveanglenews

#PAN