ပြည်ပတင်ပို့မည့် အထည်ချုပ်ထုတ်ကုန်များ၏ ဒီဇိုင်းနှင့် နည်းပညာပိုင်း မြှင့်တင်နိုင်ရန် Jacket သင်တန်း ဖွင့်လှစ်မည်

(စီးပွားရေး) နိုဝင်ဘာ ၂၅

အထည်ချုပ်စက်ရုံများ၏ ထုတ်ကုန်ဖွံ့ဖြိုးရေးနှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများ တိုးတက်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) က Jacket Special-Pattern Development & Design Variations Training သင်တန်းကို ဒီဇင်ဘာ ၁၀၊ ၁၁ ရက်နှင့် ၁၇၊ ၁၈ ရက်တို့တွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် Blazer၊ Jacket၊ Trench Coat၊ Long Coat နှင့် Security Coat စသည့် ဂျက်ကက်အမျိုးအစား ငါးမျိုး၏ ပုံစံထုတ်လုပ်ခြင်းနှင့် ဒီဇိုင်းအမျိုးမျိုး ပြောင်းလဲဖန်တီးခြင်းဆိုင်ရာ နည်းပညာများကို B-Pro Fashion Design Academy မှ အတွေ့အကြုံရှိ ဆရာမတစ်ဦးက သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

သင်တန်းတက်ရောက်သူများအနေဖြင့် အခြေခံ Jacket Pattern ဖွဲ့စည်းပုံ၊ ဒီဇိုင်းပုံစံကွဲများ၊ အမျိုးသားနှင့် အမျိုးသမီး Size Chart၊ ကိုယ်ထည်အတိုင်းအတာ သတ်မှတ်ခြင်းတို့အပြင် Fit၊ Ease၊ Collar၊ Sleeve နှင့် Pocket ဆိုင်ရာ နည်းပညာများကို လေ့လာသင်ယူနိုင်မည်ဖြစ်သည်။

ထို့အပြင် Pattern ပြင်ဆင်ခြင်း၊ နမူနာအထည်ထုတ်လုပ်ခြင်း၊ Pattern စစ်ဆေးခြင်းနှင့် Sample Approval ဆိုင်ရာ အခြေခံလုပ်ငန်းစဉ်များအပြင် ပြည်ပတင်ပို့မည့် အထည်ချုပ်ထုတ်ကုန်များအတွက် လိုအပ်သည့် နည်းပညာဆိုင်ရာ သတ်မှတ်ချက်များကိုပါ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းကို Myanmar Garment Human Resource Development Center (MGHRDC) ၌ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းကြေးအဖြစ် ငွေကျပ် ၅ သိန်း သတ်မှတ်ထားသည်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့် ဖုန်းနံပါတ် ၀၉၇၉၅၄၀၅၅၈၃ နှင့် ၀၉၉၄၀၈၅၈၃၅၀ တို့သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။