အဆုံးသတ်မဲ့ စစ်ပွဲတစ်ခု ဖြစ်လာမှာကို ဒီမိုကရက်များ ဘာကြောင့် စိုးရိမ်နေကြသလဲ?

(နိုင်ငံတကာ) မတ် ၁၂
(သတင်းဆောင်းပါး)

အမေရိကန် အထက်လွှတ်တော်ရှိ ဒီမိုကရက်တစ် အမတ်တစ်စုသည် သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့ထံမှ လျှို့ဝှက်အဆင့်သတ်မှတ်ထားသော အစီရင်ခံစာများစွာကို လက်ခံရရှိပြီးနောက်၊ အီရန်နှင့် ဖြစ်ပွားနေသည့် စစ်ပွဲနှင့် ပတ်သက်၍ လူသိရှင်ကြား ကြားနာပွဲများ ပြုလုပ်ပေးရန် တောင်းဆိုနေကြသည်။

အမေရိကန်အနေဖြင့် ဤပဋိပက္ခအတွင်းသို့ အဘယ် ကြောင့် ဝင်ရောက်ခဲ့ရသည်၊ စစ်ပွဲ၏ ရည်မှန်း ချက်များမှာ အဘယ်နည်း၊ သို့မဟုတ် စစ်ပွဲသည် မည်မျှကြာရှည်နိုင်သနည်း ဆိုသည့် အချက်များကို အိမ်ဖြူတော်ဘက်က ရှင်းလင်းစွာ ရှင်းပြနိုင်ခြင်း မရှိသေးကြောင်း လွှတ် တော်အမတ်များက ပြောကြားခဲ့ကြသည်။

လက်ရှိတွင် ရီပတ်ဘလစ်ကန်များက အထက်လွှတ် တော်၌ ၅၃-၄၇ မဲဖြင့် အနည်းငယ်သာသာ အများစုအဖြစ် ထိန်းချုပ်ထားပြီး၊ ယင်းသည် မည်သည့်ဥပဒေ ကြမ်းကိုမဆို လွှတ်တော်အတွင်း ဆွေးနွေးငြင်းခုံရန် တင်သွင်းမည်ကို ဆုံးဖြတ်နိုင်သည့် အာဏာကို သူတို့အား ရရှိထားသည်။

​ နောက်ဆုံးပြုလုပ်ခဲ့သည့် တံခါးပိတ်အစီရင်ခံတင်ပြမှုအပြီးတွင် အချို့သော ဒီမိုကရက်အမတ်များက စိတ် ပျက်အားမလိုအားမရဖြစ်မှုကို ထုတ်ဖော်ခဲ့ကြသည်။ ထရမ့်အနေဖြင့် အမေရိကန် မြေပြင်တပ်ဖွဲ့များကို အီရန်သို့ စေလွှတ်ရန်ကိစ္စကိုလည်း ပယ်ချထားခြင်း မရှိပေ။

“ကျွန်တော် ခုလေးတင် စစ်ပွဲနဲ့ပတ်သက်တဲ့ နှစ်နာရီကြာ လျှို့ဝှက်အစီရင်ခံတင်ပြပွဲကနေ ပြန်ထွက်လာတာပါ” ဟု ကွန်နက်တီကတ်ပြည်နယ်မှ အထက်လွှတ် တော်အမတ် ခရစ်မာဖီက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ “ဒီစစ်ဗျူဟာကြီးက လုံးဝကို ရှေ့နောက်မညီဘဲ စည်း လွတ်ဝါးလွတ်ဖြစ်နေတယ်ဆိုတာ ကျွန်တော့်အတွက်တော့ အတည်ပြုပြီးသားဖြစ်သွားပါပြီ။”
​ “ကျွန်တော်ထင်တာကတော့ ဒါဟာ တော်တော်လေးကို ရှင်းပါတယ်။ အကယ်၍ သမ္မတသာ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်းထားတဲ့အတိုင်း ဒီစစ်ပွဲအတွက် လွှတ်တော်ဆီကနေ လုပ်ပိုင်ခွင့်အာဏာလာတောင်းမယ်ဆိုရင် သူ ရမှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်ပြည်သူလူထုက သူတို့ရဲ့ လွှတ် တော်အမတ်တွေကို ‘ကန့်ကွက်မဲ’ ပေးဖို့ တောင်းဆိုကြမှာမို့လို့ပါပဲ” ဟု သူက ဆက်လက်ပြောကြားခဲ့သည်။

ယခုအချိန်အထိ ဘာတွေဖြစ်ပျက်ခဲ့သလဲ?

ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် စစ်ဆင်ရေးများ စတင်ခဲ့ပြီးနောက်ပိုင်း နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubio) နှင့် ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက် (Pete Hegseth) တို့အပါအဝင် အဆင့်မြင့်အရာရှိကြီးများသည် စစ်ဆင်ရေးအခြေအနေနှင့် တိုးတက်မှုဖြစ်စဉ်များကို လွှတ်တော်အမတ်များထံ အစီရင်ခံတင်ပြရန် တံခါးပိတ်အစည်းအဝေးများကို အကြိမ် ကြိမ် ပြုလုပ်ခဲ့ကြသည်။


အဆိုပါ အစည်းအဝေးများသည် လျှို့ဝှက်အဆင့်သတ်မှတ်ထားသည့် အစည်းအဝေးများဖြစ်သော ကြောင့် လွှတ်တော်အမတ်များအနေဖြင့် ၎င်းတို့ရရှိခဲ့သည့် အချက်အလက်များနှင့် ပတ်သက်၍ လူသိရှင် ကြား ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ခြင်း ခံထားရသည်။

ဒီမိုကရက်တစ် အမတ်တွေ ဘာတွေပြောနေကြသလဲ?

အထက်လွှတ်တော်အမတ် ဒီမိုကရက်အများအပြားက ၎င်းတို့အနေဖြင့် အစီရင်ခံတင်ပြပွဲများမှ စိတ်ပျက်လက်ပျက်ဖြင့် ပြန်ထွက်လာခဲ့ကြရကြောင်း ပြောကြားခဲ့ကြသည်။ အစိုးရအဖွဲ့အနေဖြင့် စစ်ပွဲ၏ ရည်မှန်း ချက်များ၊ အချိန်ကာလ သတ်မှတ်ချက် သို့မဟုတ် ဤပဋိပက္ခအပေါ် ကိုင်တွယ်ဖြေရှင်းမည့် ရေရှည်ဗျူဟာများနှင့် ပတ်သက်၍ ရှင်းလင်းသော အဖြေများကို ပေးနိုင်ခြင်း မရှိကြောင်း ၎င်းတို့က ထောက်ပြကြသည်။

ယခုသီတင်းပတ်အစောပိုင်းတွင် ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ခြောက်ဦးသည် အီရန်နိုင်ငံတောင်ပိုင်း၊ မီနပ် (Minab) မြို့ရှိ မိန်းကလေးကျောင်းတစ်ကျောင်း တိုက်ခိုက်ခံရမှုအပေါ် စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခဲ့ကြသည်။ စုံစမ်းစစ်ဆေးသူများ၏ အဆိုအရ အမေရိကန်တပ်ဖွဲ့များ ပါဝင်ပတ်သက်နေ သည်ဟု ယူဆရသော ထိုတိုက်ခိုက်မှုအတွင်း အနည်း ဆုံး လူပေါင်း ၁၇၀ ခန့် သေဆုံးခဲ့ပြီး အများစုမှာ ကလေးငယ်များဖြစ်ကြောင်း သတင်းများက ဖော်ပြ သည်။

​ “စစ်ပွဲကို အဆုံးသတ်မယ့်ဗျူဟာ (Endgame) ရှိပုံမရဘူး” ဟု ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ရစ်ချက် ဘလူးမန်းသဲလ် (Richard Blumenthal) က ပြောကြားသည်။ “သမ္မတက တစ်ချက်တည်းနဲ့တင် စစ်ပွဲက ပြီးတော့မယ်လို့ ပြောလိုက်၊ တစ်ပြိုင်တည်းမှာပဲ စစ်ပွဲက အခုမှစတာလို့ ပြောလိုက်နဲ့ ဖြစ်နေတယ်။ ဒါကြောင့် ဒါဟာ ရှေ့နောက်မညီ ဖြစ်နေပါတယ်။” မက်ဆာချူးဆက်ပြည်နယ်မှ အထက်လွှတ် တော်အမတ် အယ်လီဇာဘတ် ဝါရင် (Elizabeth Warren) ကလည်း စစ်စရိတ်နှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို ပြောကြားခဲ့သည်။

​ “ရှင်းရှင်းလင်းလင်း မြင်နေရတဲ့ တစ်ချက်ကတော့ ကျန်းမာရေးစောင့်ရှောက်မှု ဆုံးရှုံးသွားတဲ့ အမေရိကန်ပြည်သူ ၁၅ သန်းအတွက် အသုံးပြုဖို့ ငွေကြေးမရှိပေမဲ့၊ အီရန်ကို ဗုံးကြဲဖို့အတွက်တော့ တစ်နေ့ကို ဒေါ်လာတစ်ဘီလီယံလောက် သုံးစွဲနေတာပါပဲ” ဟု ဝါရင်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

“လွှတ်တော်မှာ လုပ်ပိုင်ခွင့်ရှိတဲ့ တစ်ခုတည်းသော အရာကတော့ ဘဏ္ဍာငွေသုံးစွဲခွင့် အာဏာကိုသုံးပြီး ဒီလိုလုပ်ရပ်တွေကို တားဆီးဖို့ပါပဲ”ဟု သူမက ဆက် လက် ပြောကြားခဲ့သည်။

အခြားအမတ်များမှာမူ မြေပြင်တပ်ဖွဲ့များ စေလွှတ်ရမည့်အခြေအနေ ဖြစ်လာနိုင်သည်ကို စိုးရိမ်နေကြပုံရသည်။
​ “ဒီမှာရှိတဲ့ ဘယ်လိုရည်မှန်းချက်မျိုးကိုပဲ ဖြစ်ဖြစ် အောင်မြင်အောင်လုပ်ဖို့အတွက် အီရန်မြေပြင်ပေါ်ကို အမေရိကန်တပ်ဖွဲ့တွေ စေလွှတ်ရမယ့် လမ်းကြောင်းပေါ် ရောက်နေပုံရပါတယ်” ဟု ကွန်နက်တီကတ်ပြည်နယ်မှ အထက်လွှတ်တော်အမတ် ဘလူးမန်းသဲလ်က အင်္ဂါနေ့က ပြုလုပ်ခဲ့သည့် လျှို့ဝှက်အစီရင်ခံတင်ပြပွဲအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။


​ “စစ်စရိတ် ဘယ်လောက်ကုန်ကျမယ်၊ ယူနီဖောင်းဝတ်ထားတဲ့ ကျွန်တော်တို့ရဲ့ သားသမီးတွေအတွက် ဘယ်လောက်အန္တရာယ်ရှိတယ်ဆိုတာနဲ့ ဒီစစ်ပွဲကနေ နောက်ထပ် အရှိန်မြင့်လာနိုင်ခြေ ဒါမှမဟုတ် စစ်မီးပိုမိုကျယ်ပြန့်လာနိုင်ခြေတွေအကြောင်းကို အခုအစိုးရ အဖွဲ့က ပြောထားတာထက် ပိုပြီးတော့ အမေရိကန်ပြည်သူတွေ သိခိုင်ခွင့်ရှိပါတယ်” ဟု သူက ဆက်လက်ပြောကြားခဲ့သည်။

ရီပတ်ဘလစ်ကန်အမတ်များက ဘာတွေပြောနေကြသလဲ?

လွှတ်တော်နှစ်ရပ်လုံးတွင် အနည်းငယ်သာသာ အများစုအဖြစ် ထိန်းချုပ်ထားသော ရီပတ်ဘလစ်ကန်အမတ်များသည် ထရမ့်၏ အီရန်အပေါ် စစ်ဆင်ရေးကို တစ်ခဲနက် ထောက်ခံထားကြပြီး၊ အမတ်အနည်း ငယ်သာ စစ်ပွဲနှင့် ပတ်သက်၍ သံသယရှိကြောင်း ထုတ်ဖော်ခဲ့ကြသည်။

​ အချို့သော ရီပတ်ဘလစ်ကန် ခေါင်းဆောင်များက အီရန်၏ စစ်ရေးစွမ်းဆောင်ရည်၊ ဒုံးကျည်အစီအစဉ်နှင့် ဒေသတွင်း ဩဇာလွှမ်းမိုးမှုများကို ထိန်းချုပ်ရန်အတွက် ယခုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုများသည် လိုအပ်သည်ဟု ဆိုကြသည်။

ထို့ပြင် ယခုစစ်ဆင်ရေးသည် နယ်ပယ်အတိုင်း အတာအားဖြင့် ကန့်သတ်ထားပြီး၊ ဒေသတွင်းရှိ အမေရိကန်တပ်ဖွဲ့ဝင်များနှင့် မဟာမိတ်များကို ခြိမ်းခြောက်နိုင်သည့် အီရန်၏ စွမ်းရည်အား အားနည်းသွားစေရန် ရည်ရွယ်၍ ဖော်ဆောင်ခြင်းဖြစ်ကြောင်းလည်း ၎င်းတို့က တုံ့ပြန်ခဲ့ကြသည်။

အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌ၊ ဖလော်ရီဒါပြည်နယ်မှ ရီပတ်ဘလစ်ကန် လွှတ်တော်ကိုယ်စားလှယ် ဘရိုင်ယန် မတ်စ် (Brian Mast) က အီရန်အပေါ် အရေးယူဆောင်ရွက်ခဲ့သည့်အတွက် ထရမ့်ကို ပြီးခဲ့သည့်အပတ်က လူသိရှင်ကြား ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး၊ တီဟီရန်ဘက်မှ ဖြစ်ပေါ်လာနိုင်သည့် “လက်ငင်းအန္တရာယ်” (imminent threat) မှ အမေရိကန်ကို ကာကွယ်ရန် သမ္မတသည် ၎င်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အာဏာကို အသုံးပြုနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း အချို့သော ရီပတ်ဘလစ်ကန် လွှတ် တော်အမတ်များကလည်း စိုးရိမ်ပူပန်မှုအချို့ကို ထုတ် ဖော်ပြောဆိုခဲ့ကြသည်။

တောင်ကယ်ရိုလိုင်းနားပြည်နယ်မှ လွှတ်တော်ကိုယ် စားလှယ် နန်စီမေ့စ် (Nancy Mace) က သူမအနေဖြင့် “တောင်ကယ်ရိုလိုင်းနားပြည်နယ်မှ သားသမီးများကို အီရန်နှင့်ဖြစ်ပွားသည့် စစ်ပွဲအတွင်းသို့ မစေလွှတ်လိုပါ” ဟု X လူမှုကွန်ရက်ပေါ်ရှိ ပို့စ်တစ်ခုတွင် ရေးသားခဲ့သည်။

ကင်တပ်ကီပြည်နယ်မှ ရီပတ်ဘလစ်ကန် အထက် လွှတ်တော်အမတ် ရန်းပေါလ် (Rand Paul) ကလည်း ထရမ့်အစိုးရအဖွဲ့သည် စစ်ပွဲနှင့်ပတ်သက်သည့် ပြော ဆိုချက်များနှင့် အကြောင်းပြချက်များကို နေ့စဉ်နှင့်အမျှ ပြောင်းလဲနေသည်ဟု စွပ်စွဲခဲ့သည်။

“အီရန်နဲ့ စစ်ဖြစ်ရတဲ့ အကြောင်းပြချက်အသစ်တွေကို ကျွန်တော်တို့ ဆက်တိုက်ကြားနေရတယ်၊ ဒါပေမဲ့ တစ်ခုမှ ခိုင်လုံမှုမရှိဘူး” ဟု သူက X တွင် ရေးသားခဲ့သည်။ “‘ဖိနှိပ်ခံရသူတွေကို လွတ်မြောက်အောင်လုပ်ပေးမယ်’ ဆိုတာကတော့ နားထောင်လို့ကောင်းပါတယ်၊ ဒါပေမဲ့ ဒါက ဘယ်နေရာမှာ အဆုံးသတ်မှာလဲ? အီရန်ဟာ နျူကလီးယားလက်နက်ရဖို့ ရက်သတ္တပတ်အနည်းငယ်ပဲ လိုတော့တယ်ဆိုတာမျိုး ကျွန်တော်တို့ကို ပြောလာခဲ့တာ ဆယ်စုနှစ်နဲ့ချီနေပါပြီ။ စစ်ပွဲဆိုတာ နောက်ဆုံးရွေးချယ်စရာပဲ ဖြစ်သင့်တယ်၊ ပထမဆုံးလုပ်ရမယ့်ခြေလှမ်း မဖြစ်သင့်ဘူး။ မိမိဘာသာရွေး ချယ်တဲ့ စစ်ပွဲ (War of choice) ဆိုတာ ကျွန်တော်ရွေးချယ်မယ့် လမ်းစဉ်မဟုတ်ပါဘူး” ဟု သူက ထပ်လောင်းပြောကြားခဲ့သည်။

​ဒီအငြင်းပွားမှုက ဘာကြောင့် အရေးကြီးတာလဲ?

​ ဤအငြင်းပွားမှုသည် ဝါရှင်တန်ဒီစီတွင် ကာလရှည် ကြာရှိနေခဲ့သည့် “သမ္မတ၏ စစ်ပွဲဆင်နွှဲပိုင်ခွင့် အာ ဏာကန့်သတ်ချက်” ဆိုင်ရာ ဆွေးနွေးငြင်းခုံမှုများကို တစ်ကျော့ပြန် အသက်ဝင်လာစေခဲ့သည်။

အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော် (Congress) တွင်သာ စစ်ကြေညာပိုင်ခွင့် အာဏာရှိသော်လည်း၊ ခေတ်သစ်သမ္မတများသည် နိုင်ငံတော်လုံခြုံရေး သို့မဟုတ် အရေးပေါ်ခြိမ်းခြောက်မှုများကို အကြောင်းပြကာ လွှတ်တော်၏ တရားဝင်အတည်ပြုချက်မပါဘဲ စစ်ရေးစစ်ဆင်ရေးများကို မကြာခဏဆိုသလို စတင်လုပ်ဆောင်လေ့ရှိကြသည်။

ဥပဒေအရ လွှတ်တော်၏ ခွင့်ပြုချက်မပါဘဲ သမ္မတအနေဖြင့် အမေရိကန်တပ်ဖွဲ့များကို ရက်ပေါင်း ၆၀ အထိ တပ်ဖြန့်စေလွှတ်ခွင့်ရှိပြီး၊ အကယ်၍ လွှတ်တော်က ဆက်လက်လုပ်ဆောင်ရန် သဘောမတူပါက နောက်ထပ် ရက်ပေါင်း ၃၀ အတွင်း တပ်ဖွဲ့များကို ပြန် လည်ရုပ်သိမ်းရမည်ဖြစ်သည်။

အီရန်နှင့်ဖြစ်ပွားနေသည့် စစ်ပွဲသည် စစ်ရေးဆိုင်ရာ လုပ်ဆောင်မှုများအပေါ် လွှတ်တော်၏ ကြီးကြပ်ကွပ်ကဲမှုကို ပိုမိုအားကောင်းလာစေရန် လိုအပ်ကြောင်း မီးမောင်းထိုးပြနေသည်ဟု အချို့သော လွှတ်တော်အမတ်များနှင့် ဥပဒေပညာရှင်များက ဆိုကြသည်။

“၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ကျွန်တော်တို့ဟာ သမ္မတကို ဒီလိုလုပ်ပိုင်ခွင့်မျိုး အကန့်အသတ်နဲ့ပေးထားတဲ့ ‘စစ်အာဏာဆိုင်ရာ ဆုံးဖြတ်ချက်’ (War Powers Resolution) လို့ခေါ်တဲ့ ဥပဒေတစ်ခုကို အတည်ပြုခဲ့ကြပါတယ်” ဟု ဟမ်းလိုင်းတက္ကသိုလ် (Hamline University) နိုင်ငံရေးသိပ္ပံနှင့် ဥပဒေဌာနမှ ပါမောက္ခ ဒေးဗစ်ရှုလ်ဇ် (David Schultz) က ပြောကြားခဲ့သည်။

“သမ္မတအနေနဲ့ စစ်သေနာပတိချုပ် (Commander-in-chief) အဖြစ် ဒါမှမဟုတ် စစ်အာဏာဆိုင်ရာဥပဒေ (War Powers Act) အရ လုပ်ဆောင်နေတာမျိုး ဖြစ်ရပါမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“ဒါကြောင့် ပြည်တွင်းဥပဒေအရ ကြည့်မယ်ဆိုရင် သမ္မတရဲ့ လုပ်ရပ်တွေဟာ တရားမဝင်သလို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်ဘူးလို့ ခင်ဗျားတို့ ငြင်းချက်ထုတ်နိုင်ပါတယ်” ဟု ရှုလ်ဇ် (Schultz) က ဆိုသည်။
​ထရမ့်အစိုးရအဖွဲ့ကမူ ဖေဖော်ဝါရီ ၂၈ ရက် တိုက်ခိုက်မှုများသည် “လက်ငင်းကျရောက်လာမည့် အန္တရာယ်” (Imminent Threat) ကို တုံ့ပြန်ခြင်းဖြစ်၍ တရားမျှတမှုရှိကြောင်း အကြောင်းပြခဲ့သည်။ ယင်းသည် လွှတ် တော်၏ ကြိုတင်အတည်ပြုချက်မပါဘဲ စစ်ရေးအရ အရေးယူဆောင်ရွက်ခြင်းကို တရားဝင်ဖြစ်စေရန် သမ္မတများ အသုံးများလေ့ရှိသည့် ဆင်ခြေတစ်ခု ဖြစ်သည်။

​ သို့သော်လည်း အမေရိကန် ထောက်လှမ်းရေးအေ ဂျင်စီများ ကိုယ်တိုင်ကမူ စစ်ပွဲမစတင်မီအချိန်က အမေရိကန်နိုင်ငံ သို့မဟုတ် အရှေ့အလယ်ပိုင်းတစ်ခွင်ရှိ အမေရိကန် အဆောက်အအုံများအပေါ် အီရန်ဘက်မှ လက်ငင်းတိုက်ခိုက်လာမည့် အန္တရာယ်ရှိကြောင်း သက် သေအထောက်အထား တစ်စုံတစ်ရာ မရှိခဲ့ဟု ပြောကြားထားခဲ့သည်။
(Al Jazeera သတင်းဌာနမှ Elizabeth Melimopoulos ၏ ‘No endgame’: Why US Democrats say Iran war hearing has them worried ဆောင်းပါးကို ဘာသာပြန်ဆိုထားသည်။)

#PositiveAngle #USPolitics #SenateHearing #IranWar #NoEndgame #DemocratsConcern #WhiteHouse #BreakingNews

Telegram»…
https://t.me/positiveanglenews

#PAN