ပုသိမ်မြို့သို့သွားရောက်ခဲ့သည့် အမျိုးသမီးတစ်ဦး ထူးခြားစွာ ပျောက်ဆုံးနေ

(မှုခင်း) မတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ဆင်ခြေရာအုပ်စု သင်္ကန်းလေးကျေးရွာနေ အမျိုးသမီးတစ်ဦး ပုသိမ်မြို့သို့ သွားရောက်ပြီးနောက် ထူးခြားစွာ ပျောက်ဆုံးနေကြောင်း သိရသည်။

ပျောက်ဆုံးနေသူမှာ ဦးဆန်းဦး၏ ဇနီးဖြစ်သူ ဒေါ်ရီရီနိုင် ဖြစ်ပြီး မှတ်ပုံတင်အမှတ် (၁၄/လပတ(နိုင်)၁၂၆၅၂) ကိုင်ဆောင်သူ ဖြစ်သည်။ ဒေါ်ရီရီနိုင်သည် မတ်လ ၁၁ ရက်နေ့ နံနက် ၈ နာရီခန့်တွင် လပွတ္တာမြို့မှ “အိုးဝေ” ယာဉ်မောင်း ကိုရဲကြီး၏ ယာဉ်ဖြင့် ကယ်ရီငှားကာ ပုသိမ်မြို့သို့ သွားရောက်ခဲ့ကြောင်း သိရသည်။

ယင်းနေ့ နံနက် ၁၂ နာရီခန့်တွင် ပုသိမ်မြို့ရှိ ရွှေစိတ်ကြိုက် တည်းခိုခန်းသို့ ရောက်ရှိကာ ခေတ္တတည်းခိုခဲ့ပြီး နေ့လယ် ၁ နာရီ ၂၀ မိနစ်ခန့်တွင် တည်းခိုခန်းမှ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း တည်းခိုခန်းမန်နေဂျာ၏ ပြောကြားချက်အရ သိရသည်။

ထို့နောက် မွန်းလွဲ ၂ နာရီခန့်တွင် အမည်မသိ အမျိုးသမီးတစ်ဦးက ဖုန်းနံပါတ် ၀၉၇၇၉၁၂၃၁၂၈ မှ ဆက်သွယ်လာကာ ဒေါ်ရီရီနိုင်သည် ကားမတော်တဆမှုဖြစ်ပြီး သေဆုံးသွားကြောင်း ယောက်ျားဖြစ်သူ ဦးဆန်းဦးထံ ဖုန်းဖြင့် အကြောင်းကြားခဲ့ကြောင်း သိရသည်။

သို့သော် ထိုဖုန်းနံပါတ်ကို ပြန်လည်ခေါ်ဆိုရာတွင် ဆက်သွယ်၍ မရတော့ကြောင်း သိရသည်။

ပျောက်ဆုံးနေချိန်တွင် ဒေါ်ရီရီနိုင်ထံ၌ ငွေကျပ် သိန်း ၃၀ ခန့်နှင့် ရွှေလက်ဝတ်ရတနာအချို့ ပါရှိကြောင်း သိရပြီး လက်ရှိတွင် မိသားစုဝင်များနှင့် ဆွေမျိုးများက ဆက်လက်လိုက်လံရှာဖွေနေကြောင်း သိရသည်။

ဒေါ်ရီရီနိုင်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ သိရှိပါက မိသားစုဝင်များထံ အကြောင်းကြားပေးကြရန် တောင်းဆိုထားကြောင်း သိရသည်။

#PAN