
(လွှတ်တော်) ဇွန် ၁၅
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့အစီအစဉ်ကို ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမတွင် ဇွန်လ ၁၂ ရက်၊ နံနက် ၁၀ နာရီတွင်ကျင်းပရာ လွှတ်တော်ကိုယ်စားလှယ်များ၏ ပြည်သူ့လိုအပ်ချက်များနှင့် ဆက်နွယ်သည့် မေးခွန်းများအား အထူးအလေးထားတင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ပျဉ်းမနား၊ မြန်အောင်၊ ကျွန်းလှ၊ မြင်းမူ၊ ဒလ၊ ကျောက်ဆည် စသည့် မဲဆန္ဒနယ်များမှ လွှတ်တော်ကိုယ်စားလှယ်များက ဒေသဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်ရေး လုံခြုံမှု၊ စိုက်ပျိုးရေးအထောက်အကူပြု စီမံကိန်းများနှင့် ကျန်းမာရေးဝန်ဆောင်မှု တိုးချဲ့ရေးဆိုင်ရာ မေးခွန်းများကို တင်သွင်းခဲ့ကြသည်။
ထိုအထဲတွင် တောင်ပေါ်ဒေသများရှိ ကော်ဖီနှင့် လက်ဖက်စိုက်ခင်းများအတွက် လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ရရှိရေး၊ မြို့နယ်အဆင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရေးသင်တန်းများ ဖွင့်လှစ်ရေး၊ မဟာဗျူဟာလမ်းမကြီးများ လုံခြုံချောမွေ့စေရေးနှင့် ဝန်ထမ်းအိမ်ရာတည်ဆောက်ရေးကိစ္စများကို အစိုးရထံ မေးမြန်းခဲ့ကြသည်။
ထို့ပြင် ဆေးရုံများအဆင့်မြှင့်တင်ရေးနှင့် ဆရာဝန်များ ခန့်အပ်ပေးရေးသည်လည်း အရေးပါသောအကြောင်းအရာများအဖြစ် ဆွေးနွေးခဲ့ကြပြီး ကလေးမြို့၊ လဲချားမြို့၊ ကျောက်ဖြူမြို့နှင့် ထန်းတပင်မြို့နယ်များရှိ ဆေးရုံများတွင် ကုတင်တိုးချဲ့ခြင်း၊ ဆေးဝါးများ ဖြည့်ဆည်းပေးခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများ ခန့်ထားပေးရေးကို တင်ပြခဲ့ကြသည်။
အခြားတစ်ဖက်တွင် လယ်ယာထွက်ကုန်သီးနှံဈေးနှုန်း ထိန်းညှိရေးကော်မရှင် ဖွဲ့စည်းရေးအဆိုကိုလည်း လွှတ်တော်ကိုယ်စားလှယ်များမှ ဆက်လက်ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းကာ လွှတ်တော်၏ ဆုံးဖြတ်ချက် ရယူခဲ့သည်။
ထို့အပြင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ ဘဏ်နှင့်ငွေကြေး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး၊ စီးပွားရေးနှင့်ကုန်သွယ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်နည်းပညာ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး စသည့် ကော်မတီများ ဖွဲ့စည်းရေးနှင့် အတည်ပြုရေးလုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းနေ့အစည်းအဝေးအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ အဋ္ဌမနေ့အစည်းအဝေးကို ရပ်နားကြောင်း ကြေညာပြီး နဝမနေ့အစည်းအဝေး ဆက်လက်ကျင်းပမည့် အချိန်ကို ထုတ်ပြန်ကြေညာခဲ့သည်။