
(နိုင်ငံတကာ) ဇွန် ၁၅
အမေရိကန်ပြည်ထောင်စု အလယ်ပိုင်းအနောက်ဘက်ဒေသ မစ်ဇူရီပြည်နယ်၌ လေထီးခုန်သမားများကို တင် ဆောင်မောင်းနှင်လာသည့် လေယာဉ်တစ်စင်း ပျက်ကျပြီး မီးလောင်ကျွမ်းခဲ့သဖြင့် လေယာဉ်ပေါ်ပါရှိသူ ခရီးသည်နှင့် အမှုထမ်း စုစုပေါင်း ၁၂ ဦးစလုံး သေဆုံးသွားသည့် ဝမ်း နည်းဖွယ် လေကြောင်းမတော်တဆမှုတစ်ခု တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့ကြောင်း အာဏာ ပိုင်များက အတည်ပြုပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်သည် မစ်ဇူရီပြည်နယ်၏ အကြီးဆုံးမြို့ဖြစ်သော ကန်းဆပ်စီးတီးမြို့ (Kansas City) တောင်ဘက်ရှိ ဘိတ်စ်ခရိုင် (Bates County)၊ ဘတ္တလာ အထိမ်းအမှတ်လေဆိပ် (Butler Memorial Airport) အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။ မစ်ဇူရီပြည်နယ် လမ်းမကြီးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ဒေသစံတော်ချိန် တနင်္ဂနွေနေ့ နံနက် ၁၁:၃၀ နာရီဝန်းကျင်တွင် လေယာဉ်တစ်စင်း ပျက်ကျကာ မီးအပြင်းအထန်လောင် ကျွမ်းနေကြောင်း အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များထံ ဖုန်းခေါ်ဆိုတိုင်ကြားချက် ရရှိခဲ့ခြင်း ဖြစ် သည်။
ပြည်နယ်ရဲတပ်ဖွဲ့ဝင် ဆာဂျင် ဂျက်စတင် အီဝင်း (Justin Ewing) က အဆိုပါလေယာဉ်သည် လေထီးခုန်မည့်သူများကို ဝေဟင်ထက်သို့ တင်ဆောင်မောင်းနှင်ပေးသည့် လေယာဉ်ဖြစ် ကြောင်း ကနဦးအတည်ပြုခဲ့သည်။
ကယ်ဆယ်ရေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် လေယာဉ်ပျက်ကျပြီးနောက် မကြာမီမှာပင် မီးကို အောင်မြင်စွာ ငြှိမ်းသတ်နိုင်ခဲ့သော်လည်း လေယာဉ်ပေါ်ပါရှိသူ ၁၂ ဦးစလုံး နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဆာဂျင် အီဝင်းက မတော် တဆမှုဖြစ်ပွားရာ မြင်ကွင်းမှာ “အလွန်ဆိုးရွားပြင်းထန်လှသည်” ဟု ဖော်ပြခဲ့ပြီး လေယာဉ်သည် လေဆိပ်နှင့် ကပ်လျက်ကွင်းပြင်ထဲသို့ ကျရောက်ခဲ့ခြင်းဖြစ်သော်လည်း ကြိုတင်ကာကွယ်မှုအနေ ဖြင့် အနီးနားရှိ လမ်းမကြီးများကို ခေတ္တပိတ်ဆို့ထားရကြောင်း ပြောကြားခဲ့သည်။
လတ်တလောတွင် သေဆုံးသူများ၏ မည်သူမည်ဝါဖြစ် ကြောင်း အထောက်အထား (Identities)များကို အာဏာ ပိုင်များက ချက်ချင်းထုတ်ပြန်ခြင်း မရှိသေးပေ။ ဘတ္တလာရဲတပ်ဖွဲ့၊ ဘိတ်စ်ခရိုင်ရဲအရာရှိရုံးနှင့် ပြည်နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ရုပ်အလောင်းများနှင့် အပျက်အစီးများကို သိမ်းဆည်းလျက်ရှိသည်။
လက်ရှိတွင် အမေရိကန် အမျိုး သား သယ်ယူပို့ဆောင်ရေး လုံခြုံမှုဘုတ်အဖွဲ့ (NTSB) မှ အရာရှိများ ဖြစ်ပွားရာနေရာသို့ ရောက်ရှိနေပြီး လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို အသေးစိတ် စုံစမ်းစစ် ဆေးနေကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN