ပြည့်တန်ဆာခန်းတွင် ရောင်းစားခံရသည့် အမျိုးသမီးငယ် ၂ ဦး ထွက်ပြေးလွတ်မြောက်လာ

(မှုခင်း) ဇွန် ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ အေးသာယာမြို့ရှိ ပြည့်တန်ဆာခန်းတွင် ရောင်းစားခံရသည့် အမျိုးသမီးငယ်နှစ်ဦး ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း သိရသည်။

ဇွန် ၁၃ ရက်က တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်တွင် နေထိုင်သည့် အသက် (၁၆) နှစ်နှင့် (၁၇) နှစ်အရွယ် အမျိုးသမီးငယ် ၂ ဦးသည် အလုပ်ကိုင်ရှာဖွေရာမှ ရွှေညောင်မြို့သို့ ရောက်ရှိလာခဲ့ပြီး ရွှေညောင်မြို့ ရွှေဘုံသာရပ်ကွက်နေ မဆိုဖီယာနှင့် မမိုးစက်တို့နှင့် သပြေလွင်တည်းခိုခန်းရှေ့တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထို့နောက် မိန်းကလေးငယ်နှစ်ဦးအား အေးသာယာမြို့ရှိ KTV တစ်ခု၌ အလုပ် အပ်ပေးမည်ဖြစ်ကြောင်း၊ လစာကောင်းကောင်းပေမည်ဟု ပြောဆိုစည်းရုံး၍ အေးသာယာမြို့ရှိ နန်းရွှေရည် ပြည့်တန်ဆာခန်း၌ အမျိုးသမီးငယ် တစ်ဦးလျှင် တစ်သိန်းကျပ်ပေးကာ လိမ်လည်လှည့်ဖျား ရောင်းစားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မိန်းကလေးငယ်နှစ်ဦးသည် မဆိုဖီယာနှင့် မမိုးစက်တို့ ပြန်လည် ထွက်ခွာသွားပြီးနောက် ညပိုင်းတွင် ၎င်းတို့ ရောက်ရှိနေသည့် နေရာမှာ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သည့်အိမ်ဖြစ်ကြောင်း သိရှိခဲ့ရပြီး ဇွန် ၁၄ ရက် နံနက်အစောပိုင်းတွင် မိန်းကလေးငယ်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ရာ ရွှေညောင်-ရပ်စောက်လမ်းဆုံ မီးပွိုင့်တွင် တာဝန်ကျနေသော ယာဉ်ထိန်းရဲအား အကူအညီ တောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းနောက် ယာဉ်ထိန်းရဲမှ အေးသာယာနယ်မြေခံရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားပေးခဲ့ရာ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အမျိုးသမီးငယ်ကို ခေါ်ဆောင်သွားခဲ့ကြောင်း၊ နန်းရွှေရည်ပြည့်တန်ဆာခန်း၌ ကျန်ရှိနေသည့် အသက် (၁၇) နှစ်အရွယ် မိန်းကလေးကိုလည်း သွားရောက်ခေါ်ဆောင် ကယ်ထုတ်ခဲ့ကြောင်း သိရသည်။

အမျိုးသမီးငယ်နှစ်ဥိးအား ရောင်းစားခဲ့သူများဖြစ်သည့် မဆိုဖီယာနှင့် မမိုးစက်တို့နှစ်ဦးသည် ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူများက တရားခံဖမ်းဆီရမိရေး စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN