
(ပြည်တွင်း)ဖေဖော်ဝါရီ ၃
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ် တွင် ကရင်ပြည်နယ်၊ ဘားအံခရိုင်ပြည်သူ့ဆေးရုံကြီး၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ဖာပွန်မြို့နယ်၊ အမှတ်(၂၁)ရပ်ကွက်နေ ကိုခန့်ဇော်လင်း(၂၀)နှစ်သည် ဘားအံမြို့နယ်၊ မီးပုံကျကျေးရွာမှ ကမမောင်းမြို့သို့ ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ခွာလာစဉ် တကောင်ဘိုးကျေးရွာအနီးအရောက် လမ်းဘေးမှ KNU အကြမ်းဖက်အဖွဲ့ နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့မှု ကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။