အမေရိကန်အင်ပါယာ နိဂုံးရဲ့အဆုံးလား

ဆောင်းပါးကဏ္ဍ(နေဇင်လတ်)
ဇန်နဝါရီ ၂၅

    Destructive Construction ဆိုတာ အပျက်သဘောပါတဲ့တည်ဆောက်မှု၊ အမြင်အားဖြင့်ကောင်းတယ်။ နောက်ပိုင်းပျက်တယ်။ သူဌေးသားကိုပေါ်ကြော့ထားတာ ကောင်းသလိုရှိပေမယ့် ကြီးလာတဲ့အခါပျက်စီးစေဖို့ ဖြစ်လာသလိုပေါ့။ Constructive Destruction ဆိုတာ အပြုသဘောပါတဲ့အပျက်၊ မိဘကသားသမီးအပေါ်စည်းကမ်းနဲ့တင်းကျပ်မှဟာ ကြမ်းသယောင်ရှိပေမယ့် နောက်ပိုင်း သူ့ဘဝကို ကောင်းမွန်စေတာမျိုး။

    ခေါင်းဆောင်တစ်ဦးရဲ့ အကြီးမားဆုံး မရှိမဖြစ်အရည်အချင်းက Vision ဆိုတဲ့ အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတဲ့ ခန့်မှန်းနိုင်တဲ့အမြင်နဲ့ Maragemcit ဆိုတဲ့ စီမံခန့်ခွဲမှုပဲ။ ဒီအရည် အချင်းနှစ်ခုကိုမရရင် အခြားနေရာတွေမှာ ဘယ်လောက်တော်တော်မအောင်မြင်နိုင်ဘူး။

အမေရိကန်တစ်ခေတ် ဘာကြောင့် ဖြစ်လာသလဲ

    ခေါင်းဆောင်တွေတော်ခဲ့လို့၊ အရှည်ကို မြင်နိုင်ခဲ့လို့ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အမေရိကန်ခေတ်ပီပြင်လာတယ်။ Roosevelt, Truman တို့ ကစပြီး Ronald Reagan o Doctrine ဆိုတဲ့ဝါဒနဲ့ အကောင် အထည်ဖော်သွားတဲ့ Strategy ဆိုတဲ့ မဟာဗျူဟာတွေကိုနှောင်းသမ္မတတွေရဲ့ Doctrine; Strategy တွေနဲ့ နှိုင်းယှဉ်သရုပ်ခွဲကြည့်ရင် အတော်ကွာခြားသွားတာကို တွေ့ရလိမ့်မယ်။

   ရှေးသမ္မတတွေက “အနှစ်ပိုင်း” ကို ကိုင်တွယ်နိုင်ခဲ့ပေမယ့်နှောင်းသမ္မတတွေက “အကာပိုင်းနဲ့ကျေနပ်နေကြတယ်။ လူပြိန်းကြိုက်နဲ့သက်တမ်းကုန်အောင် နေသာသလိုနေသွားခဲ့ကြတယ်။ ဒီနေ့ အမေရိကန်ရဲ့စစ်ရေး၊ စီးပွားရေး အင်အားအကြီးဆုံးဖြစ်စေပြီး နိုင်ငံရေးသြဇာ အထွတ်အထိပ်ရောက်နေရတာဟာ ရှေးအမေရိကန်ခေါင်းဆောင်တွေတည်ဆောက်ပေးခဲ့တာ၊ သူ့ခေတ်သူ့အခါမှာအားလုံးထက် ရှေ့ရောက်သာလွန်တဲ့ Advance Doctrine တွေကိုချမှတ်နိုင်ခဲ့လို့ပဲ။ အမေရိကန်အင်အားကို တည်ဆောက်ပြီး တစ်ဖက်မှာ ကွန်မြူနစ်တွေရဲ့ သြဇာကို တစ်ပြိုင်နက်ထဲလျှော့ချနိုင်ခဲ့တယ်။

    အမေရိကန်စစ်တပ်ထက် အင်အားကြီးတဲ့ ကမ္ဘာ့ငွေကြေးစနစ် တစ်ခုလုံး ကို အမေရိကန်ဒေါ်လာပေါ်အခြေခံပြီး တည်ဆောက်နိုင်ခဲ့တယ်။ နေရာတိုင်းမှာ စစ်ရေးနဲ့ ဝင်စွက်လို့မရပေမယ့်နေရာတိုင်းမှာ စီးပွားရေးနဲ့ ဝင်စွက်လို့ရတယ်။ Sanctionချမှတ်နိုင်တယ်။ အမေရိကန်ငွေ ကြေးစနစ်က အမေရိကန်စစ်တပ်ထက် ပိုဩဇာကြီးတယ်။ မကျေနပ်တဲ့ နိုင်ငံကို အချိန်မရွေး တံခါးခေါက်လို့ရတယ်။

    နှောင်းသမ္မတတွေ ဖျက်ဆီးပစ်ကြတယ်။၁၇၇၆ အမေရိကန်လွတ်လပ်ရေးရပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စံချက်ထိန်းစနစ်က နေရာတိုင်းမှာရှိနေအောင် ရှေးလူတွေက စဉ်းစားနိုင်ခဲ့ကြတယ်။ အဆက်ဆက်လူတော်သမ္မတတွေများတယ်။ ၁၉၁၄ ပထမကမ္ဘာစစ်အပြီး အမေရိကန်တွေစပြီးခေါင်းပြူလာပြီ။ ၁၉၄၅ နောက်ပိုင်းသူတို့ဝါဒ၊ မဟာဗျူဟာတွေက အခြားနိုင်ငံတွေထက် ခေါင်းတစ်လုံးသာတယ်။ ဒါကြောင့် အမေရိကန်ခေတ်ဖြစ်လာတယ်။

    ၁၉၈၉ ဆိုဗီယက်ယူနီယံပြိုကွဲသွားတာ အမေရိကန်ရဲ့မဟာအောင်ပွဲ၊ ဒါပေမယ့် နောက်ပိုင်း အမေရိကန်တွေကျဖို့ဖြစ်လာတယ်။ Destructive Construction/ Destructive Conquest သဘော၊ ပြိုင်ဘက်မရှိတော့ခြင်းက အမေရိကန်တွေကို “ငါ့လှေငါထိုး ပဲခူးရောက်ရောက်” ဖြစ်စေခဲ့ပါတော့တယ်။

    Global Management ဆိုတဲ့ “တစ်ကမ္ဘာလုံးကိစ္စ ငါ့ကိစ္စ” သဘောတရားကလည်း အမေရိကန် အသုံး စရိတ်ကို ကြီးမားစေပြီး ဒီနေ့မဟာအကြွေးနွံထဲနစ်စေခဲ့တာမျိုး ဖြစ်လာစေပြန်တယ်။တစ်ချိန်က ခေါင်းဆောင်ကောင်းတွေကြောင့် လက် ညှိုးညွှန်ရာရွှေဖြစ်ခဲ့တဲ့ အမေရိကန်ဟာ နှောင်းသမ္မတတွေလက်ထက်မှာခြေလှမ်းတိုင်း နွံနစ်ခဲ့ရလို့ အမေရိကန်ဟာ ညနေဆည်းဆာဖြတ် ရတဲ့အခြေအနေကို မြန်မြန်ဆန်ဆန်ရောက်လာခဲ့ပါတော့တယ်။

အရှေ့အလယ်ပိုင်းနွံနစ်ခြင်း

    ၁၉၈၉ ဆိုဗီယက်ပြိုကွဲတော့ အစ္စလာမ်ကမ္ဘာကြီးရဲ့ ခြိမ်းခြောက်မှုကို ကာကွယ်ဖို့ ရေနံတွေကို သိမ်းဖို့အတွက် ၉-၁၁ ကိုအကြောင်းပြပြီး လစ်ဗျား၊ အီရတ်၊ အီဂျစ်၊ ဆီးရီးယားတွေကို စစ်ခင်းခဲ့တယ်။ ကမ္ဘာကျော်အကြမ်းဖက် ISIS တွေကို CIA က မွေးထုတ်ခဲ့ပြီး အရှေ့အလယ်ပိုင်းက နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို အကြီးအကျယ်ခြယ်လှယ်ခဲ့တယ်။ နောက်ပိုင်းမှာ အကြမ်းဖက် ISISတွေက သရဲထက်ကြီးတဲ့ သဘက်တွေဖြစ်လာခဲ့ပြီး အမေရိကန်ကိုပြန် ခြိမ်းခြောက်လာတဲ့ အဆင့်ဖြစ်လာလို့ပြန်နှိမ်နင်းခဲ့ရတယ်။

    ခြုံငုံသုံးသပ်လိုက်ရင် ကုန်ကျခဲ့တဲ့ စစ်စရိတ်၊ ပုံရိပ်ကျဆင်းမှုတွေနဲ့ပြန်ရတဲ့ ရလဒ်ကအချိုးညီပါရဲ့လား။ရည်မှန်းချက်ကရော အောင်မြင်ပါရဲ့လား၊ Input- Outcome အချိုးမညီတာ တွေ့ရတယ်။ ရည်မှန်းချက်ကလည်းဟိုမရောက်မရောက်ဖြစ်ခဲ့ရပြီး နှစ် ၂၀ ကျော် အရှေ့အလယ်ပိုင်းနွံထဲက ပြန်ရုန်းမထွက်နိုင်တာကိုတွေ့ရတယ်။

ခေတ်သစ်အရွေ့များ

    ထရမ့်ဟာ (၄၅)ယောက်မြောက်နဲ့ (၄၇)ယောက်မြောက်သမ္မတပါ။ အမေရိကန်မှာ သမ္မတသက် တမ်းတစ်ခုပြီးတိုင်း အကဲဖြတ်မှုတွေကို လုပ်လေ့ရှိကြတယ်။ အတော်ဆုံးသမ္မတ၊ အညံ့ဆုံးသမ္မတဆိုပြီး အစီအစဉ်စာရင်းထုတ်ပြန်လေ့ရှိကြတယ်။ ထရမ့်ရဲ့ပထမသက်တမ်းအရ သူဟာ အညံ့ဆုံးသမ္မတငါးဦးထဲမှာ နံပါတ်(၂)နေရာရထားသူပါ။

    ထရမ့်ရဲ့ ပထမသက်တမ်းမှာ တရုတ်ကို အခွန်တိုးမြှင့်တဲ့ Tariff War နဲ့ ၂၀၁၈ မှာ ထိပ်တိုက်တွေ့ခဲ့တယ်။ Covid-19ပေါ်လာပြီး ၂၀၂၀ မှာ သူ့သက်တမ်း ကုန်သွားခဲ့တယ်။ အခုတစ်ကြိမ်က တစ်ကျော့ပြန်သမ္မတသက်တမ်းပါ။ American First Doctrine ကို ကိုင်စွဲထားတဲ့အတွက် မဟာမိတ်တွေအပါအဝင်အားလုံးနဲ့ပဋိပက္ခတွေဖြစ်လာခဲ့ရတယ်။ အထူးသဖြင့် တရုတ်ကို ဖြိုချရေး သူ့မဟာဗျူဟာက တစ်နေ့ထက်တစ်နေ့ ပိုထင်ရှားလာသလို နိုင်ငံတကာဥပဒေ၊ နိုင်ငံတစ်ခုရဲ့အချုပ်အခြာကို တွန်းပို့တောင် ဂရုမစိုက်တော့တာတွေက တစ်ရွာလုံးနဲ့တစ်ယောက်အဖြစ်ကိုလိုက်ပါတော့တယ်။

၂ဝ၂၆ နှစ်နဲ့ ဗင်နီဇွဲလား

    ထရမ့်သမ္မတဖြစ်ဖြစ်ချင်း မက္ကဆီကို၊ ကနေဒါ၊ ဂရင်းလန်းတို့ကို ရန်ရှာခဲ့တယ်။ ပြီးတော့ Tariff War နဲ့ တစ်ကမ္ဘာလုံးကို အခွန်စစ်ခင်းပါတော့တယ်။ ထုသင့်သည်ကိုထု၊ ထောင်းလို့ရတာထောင်း၊ ချော့မဲ့သူကိုချော့တဲ့နည်းသုံးတယ်။ ဥရောပနဲ့စပြီး မကျေမနပ်တွေ စဖြစ်ကြတယ်။ ထိပ်တိုက်တွေ့လာသူက ပြိုင်ဘက်တရုတ်၊ တရုတ်က လုံးဝအလျော့မပေး၊ အင်အားမတိမ်းမယိမ်းဖြစ်လာတဲ့တရုတ်ကတင်းခံနေတဲ့အပြင် အနိုင်ကတ်တချို့နဲ့ ပြန်ခြိမ်းခြောက်ခဲ့တယ်။ မြေရှားသတ္တုမှာ ကမ္ဘာ့ထုတ်ကုန်အရပ်ရပ်ရဲ့ ရာခိုင်နှုန်း ၉ဝ လောက်ကို တရုတ်တစ်ဦးတည်းက ကိုင်ထားလေတော့ အမေရိကန်က အခြားနိုင်ငံတွေလို မတင်းနိုင်တော့တာ ဒီနေ့အထိပဲ။

    ဗင်နီဇွဲလားဆီက ရေနံအများစုကို တရုတ်ကတင်သွင်းနေပြီး ရင်းနှီးမြှုပ်နှံမှုတွေလည်း လုပ်ထားတယ်။ သမ္မတ မာဒူရိုပေါ်မှာ တရုတ်သြဇာက တစစပိုလာတယ်။ ဗင်နီဇွဲလားဆိုတာ ကမ္ဘာ့ရေနံသိုက်အကြီးဆုံး ရှိတဲ့နေရာ၊ အခြားသယံဇာတတွေလည်း အများအပြား၊ ဗင်နီဇွဲလားကို အမေရိကန်ထိန်းချုပ်နိုင်ရင် တရုတ်ရဲ့ ရေနံတင်သွင်းမှုကို အမေရိကန်က ထိန်းချုပ်နိုင်မှာ ဖြစ်သလို၊ ရေနံသိုက်ကြီးနဲ့ အမေရိကန်ရဲ့အကြွေးတွေကို လည်းပြန်ဖြိုချနိုင်မှာကို မြင်လာတဲ့အတွက် ၃- ၁- ၂၆ နှစ်ဦးမှာပဲ နိုင်ငံတကာဥပဒေ၊ အချုပ်အခြာကိုချိုးဖောက်ပြီး ဗင်နီဇွဲလားကို Delta Force အထူးတပ်ဖွဲ့နဲ့ဝင်တိုက်ပြီး မာဒူရို့ကိုဖမ်းဆီးလိုက်ပါတော့တယ်။

    ဒီပွဲက တစ်ချက်ခုတ်သုံးလေးချက် ပြတ်တဲ့ပွဲပါ။ ထိုင်း – ကမ္ဘောဒီးယားစစ်ဖြစ်တော့ ထရန့်က စစ်ပြေ ငြိမ်းအောင်လုပ်ပြီး အာဆီယံကိုလာ၊ သက်သေအဖြစ် လက်မှတ်ထိုးသွားတယ်။ အာရှထဲ သြဇာဖြန့်တဲ့ ထရမ့်လုပ်ဆောင်ချက်ကို တရုတ်က ပြောင်းပြန်လှန်လိုက်တယ်။ ထိုင်းနဲ့ကမ္ဘောဒီးယား စစ်ပြန်တိုက်အောင်ဖန်တီး၊ တရုတ်ကဝင်ညှိပြီး စစ်ပြေငြိမ်းခိုင်းလိုက်တယ်။

    ကျားဖြန့်ကိစ္စမှာလည်းရှီကျင့်ကျန်းကို ထိုင်းလက်ကနေ တရုတ်နဲ့အမေရိကန်ပြိုင်တောင်းကြရာမှာ တရုတ်လက်ကိုပါသွားတယ်။ ကမ္ဘောဒီးယားခေါင်းဆောင် Prince Holding က ထိပ်စည်းကို အပြိုင်တောင်းကြရာမှာလည်း တရုတ်လက်ထဲပါသွားပြန် တယ်။ တရုတ်ကို သင်ခန်းစာပြန်ပေးတဲ့အနေနဲ့ရော ရေနံကို ဓားပြတိုက်တဲ့အနေနဲ့ရော ဗင်နီဇွဲလားကို အမေရိကန်က ပြန်သိမ်းပြလိုက်တာပါ။

အီရန်က ဒုတိယခြေလှမ်း

    ယူကရိမ်းစစ်မှာ အမေရိကန်အနေနဲ့ မျှော်သလိုမဖြစ်ခဲ့ဘူး။ အကြောင်းရင်းက ရုရှားကို တရုတ်၊ အီရန်၊ မြောက်ကိုရီးယားတို့က ကူပေးနေလို့ အမေရိကန်က အဲ့ဒီ နိုင်ငံတွေကို မိစ္ဆာဝင်ရိုးတန်း နိုင်ငံတွေ Axis of Evilsလို့ခေါ်တယ်။ အဲ့ဒီလေးနိုင်ငံကတော့ ခုခံကြတဲ့မိတ်နိုင်ငံများ Axis of Resistance လို့ပြန်အမည်ပေးတယ်။

    အီရန်က ဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီကိုသာဖြုတ်ချနိုင်ရင် “ဝင်ရိုးတန်းနိုင်ငံတွေ” အားနည်းသွားမယ်ဆိုတာသိတဲ့အတွက် CIA က ပြည်သူတွေကို ဆန္ဒပြဖို့လှုံ့ဆော်တဲ့အတွက် အီရန်မှာဆန္ဒပြပွဲတွေ ရက်ဆက်လုပ်နေပြီ။ လောလောဆယ် ၁၁၆ ဦး သေသွားပြီ။ အီရန်အစိုးရက ဆန္ဒပြ ပြည်သူတွေကို လက်နက်နဲ့နှိမ်နင်းရင် အမေရိကန်ကပင်လာမယ်လို့ ခြိမ်းခြောက်ထားတယ်။ အခြားတစ်ဖက်မှာလည်း အစ္စရေးက အီရန်ကိုစစ်တိုက်ဖို့ အဆင်သင့်လုပ်ထားတဲ့အတွက် ခါမေနီအနေနဲ့ အကြပ်အတည်းကာလဖြစ်နေတယ်။

    တစ်ချိန်က အီရန်ဘုရင်ရဲ့သားကို အီရန်ထဲပြန်သွင်းဖို့ကြိုးစားနေတဲ့ အမေရိကန်ရဲ့ခြေလှမ်းက ခါမေနီပြုတ်ကျစေမယ့် Regine Change အောင်မြင်မှ နီးနီးဖြစ်လာနေတာကို တွေ့ရတယ်။ သတင်းတချို့အရ ခါမေနီ ရုရှားကို ထွက်ပြေးဖို့အထိရောက်သွားစေနိုင်တဲ့အခြေအနေလို့လည်း သုံးသပ်နေကြတယ်။

ဂရင်းလန်းကိုသိမ်းမယ်

    ထရမ့်သမ္မတဖြစ်ဖြစ်ချင်းမှာ မျက်စောင်းထိုးခဲ့တဲ့ Greenland ကိုပြန်အစ ဖော်နေပြန်တယ်။
“စစ်ရေးအပါအဝင် နည်း အားလုံးဟာ အဆင်သင့်ဖြစ်နေပြီ”

    ဂရင်းလန်းထိန်းသိမ်းရေးအတွက် ထရမ့်ရဲ့ခေါင်းစဉ်က “လုံခြုံရေး” ဂရင်းလန်းကိစ္စမှာ ထူးခြားတာက NATO ရဲ့ သတိပေးစကားပဲ၊ အတော်စဉ်းစားပြီး အချင်းချင်းဆွေး နွေးညှိနှိုင်းပြီးမှ ပြောရမယ့်စကားမျိုးပါ။
    “ထရပ်အနေနဲ့ ဂရင်းလန်းကို ကျူးကျော်လာတယ်ဆိုရင် ဥရောပမှာရှိတဲ့ အမေရိကန်စခန်းတွေ အားလုံးကို ထိန်းသိမ်းပစ်မယ်”

    ဒီစကားဟာ အမေရိကန်နဲ့ ဥရောပပြောင်ပြောင်တင်းတင်း .. ကွဲသွားတဲ့ လက္ခဏာကို ပြသလိုက်သလို NATO – US ညောင်ညိုပင်ရိပ်လမ်းခွဲစကားလဲ ဖြစ်ပြန်ပါတယ်။ ဂရင်းလန်းက ဒိန်းမတ်ပိုင်ဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပါ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခေါင်းဆောင်က ဒိန်းမတ်ကိုကျော်ပြီး အမေရိကန်နဲ့ တိုက်ရိုက်ညှိနှိုင်းမယ်လို့ ဆိုလာတယ်။

    ဒိန်းမတ်ကတော့ အမေရိကန်ဘက်က စကျူးလာရင်“အရင်ပစ်မယ်။ နောက်မှစကားပြောမယ်”
သတိပေးထားတယ်။

    ထရမ့်က ဂရင်းလန်းသိမ်းပိုက်ရေးအတွက် သူရဲ့အထူးတပ်ဖွဲ့ကို စစ်ရေးအစီအမံတင်ပြဖို့ အမိန့်ပေးလိုက်ပြီလို့ သတင်းထွက်လာတယ်။ ဒါပေမယ့် စစ်ဘက် အကြီးအကဲတွေက ဒီကိစ္စမှာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာကျတဲ့အပြင် နိုင်ငံတစ်ခုရဲ့ အချုပ်အခြာကိုစောင့်ထိန်းလေးစားရမယ်ဆိုတာနဲ့လဲ မကိုက်ညီတဲ့အတွက် ထရမ့်ကိုဆန့်ကျင်ကြတယ်လို့လဲဆိုထားပါတယ်။

    “အမေရိကန်သာ ပထမ” ဆိုတဲ့ ရည်ရွယ်ချက်က ကောင်းလှပေမယ့်လဲယဉ်ကျေးမှုထွန်းကားနေတဲ့ ခေတ်မို့ အပြည်ပြည်ဆိုင်ရာ ဥပဒေအတွင်းမှ ဖြစ်သင့်ပါတယ်။ “အင်အားသည်သာ အဓိက” ဆိုတဲ့ခေတ်ကိုပြန်သွားမယ် ဆိုရင် ထရန့်ဟာ “မွန်ရိုးဝါဒ” “ရုစ်ဗဲလ်ဝါဒတွေကို ကျော်လွန်ပြီးခေတ်သစ်နယ်ချဲ့ဝါဒဆိုတဲ့ Neo-inperialismကို အသက်ပြန်သွင်းနေသလိုဖြစ်လာပါတယ်။

    အခုပဲနေတိုးက “ရုရှားနဲ့ စကားပြောချိန်တန်ပြီ”ဆိုတဲ့ အဓိပ္ပာယ်က အမေရိကန်ကိုကျောခိုင်းပြီး ရုရှားအုပ်စုနဲ့ ပူးပေါင်းမယ့်သဘော ဖြစ်လာတာကြောင့် အနာဂတ်မှာ အမေရိကန်အင်ပါယာဟာ မြန်မြန်ထက်ထက်မိုးချုပ်သွားနိုင်တယ် ဆိုတာသဘောပေါက်ဖို့လိုအပ်လာပါပြီ။

#PAN