သာကေတမြို့နယ်တွင် ငွေကျပ် ၂,၁၉၇.၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

(မှုခင်း)အောက်တိုဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင် ငွေကျပ် ၂,၁၉၇.၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။

အောက်တိုဘာလ ၄ ရက်နေ့ ညနေ၅နာရီ အချိန်က သာကေတမြိို့နယ်၊ ၁/ထူပါရုံရပ်ကွက်၊ ဇင်္ဂမလမ်းတွင် လမ်းလျှောက်လာသူ သန်းထွေး(ခ)နိုင်ဦးအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွဆေးပြား ၉၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁,၃၅၀)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ဆက်လက်ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ညနေ၅နာရီခွဲ အချိန်တွင် ကျော်ကျော်လွင်(ခ)ကျော်လွင် နေထိုင်သည့် အဆိုပါမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ နေအိမ်အား ဆက်လက်ရှာဖွေရာ ၎င်းနှင့်အတူ အောင်ရဲဖြိုး(ခ)အောင်လေး အားတွေ့ရှိပြီး နေအိမ်အတွင်းမှ အိုက်စ်(မက်သ်အဖက်တမင်း) အလေးချိန် ၃.၃၉ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၈၄၇.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသည့် တရားခံများဖြစ်သည့် သန်းထွေး(ခ)နိုင်ဦး(၄၉)နှစ်၊ ကျော်ကျော်လွင်(ခ)ကျော်လွင်(၅၃)နှစ် နှင့် အောင်ရဲဖြိုး(ခ)အောင်လေး(၃၁)နှစ်တို့အား သာကေတမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN